အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ထောက်ခံကြောင်းနှင့် ပြည်သူ့အစိုးရ၊ ပြည်သူ့သံအမတ်ကြီးကို ကုလသမဂ္ဂ၌ ဆက်လက်ထားရှိပေးရေး လူထုဆန္ဒထုတ်ဖော်ပွဲကို ယနေ့ (စက်တင်ဘာ ၅ရက်)က မကွေးတိုင်း ဆောမြို့နယ်၌ ကျင်းပခဲ့သည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် The Youth Force ( Saw-Kyaukhtu)က ဦးဆောင်ပြုလုပ်ခဲ့ပြီး ဆောမြို့နယ် ပြည့်သူအုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာကာကွယ်ရေးအဖွဲ့များမှလည်း အင်းအားဖြည့် ပူးပေါင်း ကူညီပေးခဲ့ကြသည်ဟုဆိုသည်။ အခမ်းအနားသို့ ချင်း၊ ဗမာ ၊ တောင်သား စသည့် တိုင်းရင်းသားများနှင့် ကျောင်းသား ကျောင်းသူများ၊ဆရာ ဆရာမများ၊ပြည်သူ အင်အား (၁၀၀၀) ကျော်တက်ရောက်ခဲ့ပြီး ၎င်းတို့ လုံခြုံဘေးကင်းစေရန်အတွက် တာဝန်ယူပေးခဲ့ကြောင်း The Youth Force က ထုတ်ပြန်သည်။
အခမ်းအနားသို့ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းတို့က ရုပ်/သံမှ တစ်ဆင့်တက်ရောက်ကာ ယောလူထုကို မိန့်ခွန်း ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

“ဒီနေ့ပြုလုပ်ရတဲ့ သပိတ်တိုက်ပွဲကတော့ ကျွန်တော်တို့ရဲ့ ကုလသမဂ္ဂ အထူးသံအမတ်ကြီး ဦးကျော်မိုးထွန်း လက်သုံးချောင်းထောင်ပြီး ပြည်သူနဲ့အတူ ကမ္ဘာသိအောင် နွေဦးတော်လှန်ရေးနဲ့အတူ ရပ်တည်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ နေရာဆက်ပြီး ရရှိရေးအတွက် ပြည်သူ့အသံနဲ့ ပြည်သူ့ဆန္ဒကို ဖော်ထုတ်ကြရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်ရှိနေရေးဟာ ကျွန်တော်တို့ တော်လှန်ရေးအတွက် အရေးကြီးပါတယ်။”ဟု ဒေါက်တာဇော်ဝေစိုးက ပြောကြားခဲ့သည်။
ကုလသမဂ္ဂသည် ပြည်သူလူထုအတွက် ထူးထူးခြားခြား ထောက်ပံ့မှုများ မရှိသေးသော်လည်း ပြည်သူနှင့်အတူ၊ နွေဦးတော်လှန်ရေးနှင့် အတူ ရပ်တည်ပေးနေကြောင်းနှင့် ပြည်သူနှင့်အတူ မရပ်တည်ဘဲ စစ်ကောင်စီက လွှတ်လိုက်သည့် ကိုယ်စားလှယ်ကို လက်ခံပြီး စစ်ကောင်စီနှင့်အတူ ရပ်တည်လိုက်ပါက တော်လှန်ရေးတွင် အခက်အခဲ ဖြစ်စေနိုင်ကြောင်း ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောကြားသည်။

ထို့ကြောင့် ပြည်သူများကို ကိုယ်စားပြုပြီး ပြည်သူ့အသံကို ကမ္ဘာကို ဖော်ထုတ်နိုင်ရန်အတွက် ပြည်သူ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် ဆက်လက်ကိုယ်စားပြုနိုင်ရေးအတွက် ပြည်သူ့ဆန္ဒ ဖော်ထုတ်ပေးနိုင်ရန် အရေးကြီးကြောင်း ၎င်းက ပြောသည်။
“ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကြီးကို လက်ခံပါ။ အာဏာရှင်လူသတ်သမားကို ငြင်းပယ်ပါလို့ ကျွန်တော်တို့ ဆန္ဒဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ Accept NUG and Our Ambassador, Reject dictator၊ အရေးတော်ပုံအောင်ရမည် ”ဟု ဒေါက်တာဇော်ဝေစိုးက လူထုနှင့်အတူ ကြွေးကြော်ခဲ့ကြောင်း The Youth Force က ထုတ်ပြန်သည်။

နွေဦးတော်လှန်ရေး လူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုတေဇာဆန်းကလည်း ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့အစည်းကြီး၌ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့် ရရှိရေးမှာ NUG အစိုးရ ဦးဆောင်မှုအောက်၌ ဆောင်ရွက်နေသည့် ဦးကျော်မိုးထွန်းသာ ဖြစ်သည်ကို ပြသကြရမည်ဟု ကိုတေဇာဆန်းက ပြောသည်။
“တစ်ချိန်တည်းမှာ ဒီအကြမ်းဖက် အာဏာသိမ်း၊ အာဏာလု စစ်မိစ္ဆာ၊ စစ်ဝါဒီတွေကတော့ဖြင့် သူတို့သည် စစ်ရာဇဝတ်ကောင်များသာ ဖြစ်တယ်။ ပြည်သူ့ချဉ်ဖတ်တွေသာ ဖြစ်တယ်ဆိုတာ တကမ္ဘာလုံးက ကောင်းကောင်းကြီး သိရှိကြဖို့ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းသည် ပြည်သူလူထုအသံကို အလေးထားသည့် အဖွဲ့အစည်းဖြစ်ပြီး သာမန်ပြည်သူများ၏ သဘောထားဆန္ဒများကို ကြားသိ လက်ခံကြခြင်းကြောင့် ၎င်းတို့ ကြားသိနိုင်စေရန်အတွက် ဆန္ဒဖော်ထုတ်ကြရမည်ဖြစ်ကြောင်း ကိုတေဇာဆန်းက အသိပေးသည်။
ယနေ့မှစကာ ဦးကျော်မိုးထွန်းကို တရားဝင်လက်ခံကြောင်း ဆုံးဖြတ်မည့် ကာလအထိ ၂ လခွဲ ၃ လခန့်အထိ လူထုအသံများကို ဖော်ထုတ်ရန်လိုအပ်ကြောင်း ကိုတေဇာဆန်းက ထပ်မံ ပြောကြားသည်။

“ကျွန်တော်တို့ တရားဝင်မှု အရေးတော်ပုံကြီးက ကမ္ဘာမှာကျွန်တော်တို့ အသံ၊ ပြည်သူလူထုရဲ့ အသံ၊ NUGအစိုးရရဲ့ အသံကို ကုလသမဂ္ဂမှာ တရားဝင်ဖော်ထုတ်ဖို့ ကျွန်တော်တို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဒီထိုင်ခုံမှာ ဆက်လက်ပြီးရရှိနေမှ ဖြစ်ပါတယ်။ ဒီကိစ္စမှာ ပြည်သူ့အားကို အများကြီးလိုတယ်။ အဲဒီအတွက် အခုလို ယောဒေသ၊ ယောပြည်သူ၊ ယောပြည်သူ့ကာကွယ် ရေးအဖွဲ့တွေက ဒီလိုမျိုး အရေးတော်ပုံကြီးမှာ တက်ကြွစွာ ပါဝင်တဲ့အတွက် အင်မတန်လည်း ကျေးဇူးတင်ပါတယ်”ဟု ကိုတေဇာဆန်းက ပြောကြားခဲ့သည်။
ပြည်သူလူထု တစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုဖြင့် အာဏာရှင်စနစ်မုချကျဆုံးရမည်ဖြစ်ကြာင်း ကိုတေဇာဆန်းက ပြောသည်။
