Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီသည် လက်နက်မဲ့အရပ်သားများကိုသာ တိုက်ခိုက်ရဲသော သူရဲဘောကြောင်သူများဟု AA ခေါင်းဆောင်ပြော

AAနှင့် စစ်ကောင်စီတပ်တို့သည် ရသေ့တောင်၊ မြောက်ဦး၊ မောင်တော၊ ပလက်၀ မြို့နယ်များ၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ဒေသခံ ပြည်သူများလည်း စစ်ဘေးရှောင်နေကြရသည်။

စစ်ကောင်စီသည် လက်နက်မဲ့အရပ်သားများကိုသာ တိုက်ခိုက်ရဲသော သူရဲဘောကြောင်သူများဟု AA ခေါင်းဆောင်ပြော
စစ်ကောင်စီသည် လက်နက်မဲ့အရပ်သားများကိုသာ တိုက်ခိုက်ရဲသော သူရဲဘောကြောင်သူများဟု AA ခေါင်းဆောင်ပြော

▪️မြောက်ဦးတွင်တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်၊ ဒေသခံများကို ဖမ်းဆီး

▪️စစ်တွေတွင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

စစ်ကောင်စီတပ်သည် လက်နက်မဲ့အရပ်သားများကိုသာ တိုက်ခိုက်ခဲ့သည့် သူရဲဘောကြောင်သူများ ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားသည်။

“စစ်ကောင်စီဟာ သူတို့ရဲ့ ယုတ်ညံ့တဲ့ဗျူဟာနဲ့ လုပ်ရပ်တွေကို ထုတ်ပြနေပါတယ်။ လက်နက်မဲ့ အရပ်သားတွေကိုသာ တိုက်ခိုက်ရဲတဲ့ သူရဲဘောကြောင်သူတွေက မြောက်ဦးကို ဓားစာခံ လုပ်နေ ပါတယ်။ အဲဒီစစ်ဆင်ရေးဟာ ၅၅ မြေလျင်တပ်မှူးရဲ့တိုက်ရိုက်အမိန့်နဲ့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တွစ်တာတွင်ယ​နေ့နံနက်၌ ရေးသားထားသည်။

ယမန်နေ့ညပိုင်းက မြောက်ဦးမြို့ပေါ်၌ လက်နက် ကြီး ပစ်ခတ်ခြင်း၊ ဒေသခံ ပြည်သူများအပေါ် ဖမ်းဆီးခြင်း အပါအဝင် စစ်ကောင်စီတပ်က အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းနှင့် ပတ်သက်ပြီး AA ခေါင်းဆောင်က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

” မနေ့ညက မြောက်ဦးမှာ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်တာရှိတယ် မြို့ပေါ်မှာ။ ဒီမနက်တော့ ဖမ်းဆီးမှုတွေရှိတယ်။ အဲဒီမှာ။ အမျိုးသမီးတွေရော သက်ကြီးရွယ်အိုတွေရော ဒေသခံတွေကိုရောလေ”ဟု ရခိုင်ဒေသခံက ပြောသည်။

ဖမ်းဆီးခံရသည့် အရေအတွက် အတိအကျမသိရဟု ၎င်းက ဆိုသည်။

” သူတို့(AA ခေါင်းဆောင်များ)ကလည်း ရခိုင်မှာ ဘယ်နေရာမှာ ဘာဖြစ်တယ် စစ်ကောင်စီက ဘာလုပ်တယ်ဆိုတာ သူတို့လည်း အချိန်နဲ့ တပြေးညီသိနေတာ စောင့်ကြည့်နေတာ။ အဲဒါကြောင့် သူတို့က မင်းတို့လုပ်တာကို ငါတို့ သိတယ်ဆိုတဲ့သဘောမျိုး Message ပေးတာပေါ့နော်။သူတို့(AA) ဘက်က ဘယ်လိုတုံ့ပြန်လာမလဲတော့ မသိဘူးပေါ့” ဟု ရခိုင်ဒေသခံ တစ်ဦးက ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ရေးသားချက်နှင့်ပတ်သက်ပြီး မှတ်ချက်ပြုသည်။

မကြာသေးမီက မြောက်ဦးမြို့နယ် လက္ကာရွာအနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို AAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် သေဆုံးထိခိုက်ရှိခဲ့သည်။ ထိုစဉ်ကလည်း တိုက်ပွဲ ဖြစ်ရာနှင့် ၅ မိုင်ကျော်ဝေးသည့် ကျေးရွာအချိုကို စစ်ကောင်စီတပ်က လက်နက်ကြီးများ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့၍ အမျိုးသမီးနှင့် ကလေးငယ် အပါအဝင် ၃ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀ဦးကျော်ရှိခဲ့သည်။

ယနေ့နံနက်တွင်လည်း စစ်တွေမြို့၌ စစ်ကောင်စီတပ်က လူငယ် နှစ်ဦးကို တားဆီးပြီး တစ်ဦးကို အနီးကပ် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရခိုင်ဒေသခံက ပြောသည်။

“စစ်တွေမှာ ပစ်ခတ်ခံရတာရှိတယ်။ စစ်တွေ တက္ကသိုလ်နားက ရဲတပ်ရင်း (၃၆) ရှိတယ်လေ။ အဲဒီမှာ ဆိုင်ကယ်စီးလာတဲ့ ရိုဟင်ဂျာလူငယ်နှစ်ယောက်ကို ပစ်သတ်လိုက်တာ တစ်ယောက်သေသွားတယ်။ အလောင်းကို စစ်တွေဆေးရုံယူသွားတယ်။တ စ်ဦးကို သူတို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပြောတယ်။ ဘာကြောင့် ပစ်သတ်တယ်ဆိုတာမသိဘူး။ ပြောတာကတော့ အဲဒီကို သွားတာ သူတို့ စစ်ဆေးတာမှာ စစ်ဆေးလို့ပြီးတဲ့ အချိန်မှာ အဲဒီလို ပစ်သတ်တာလို့ ပြောတယ်။ လည်ပင်းကို သေနတ်နဲ့ တေ့ပြီး ပစ်သတ်လိုက်တာ”ဟု ရခိုင်ဒေသခံက ပြောသည်။

AAနှင့် စစ်ကောင်စီတပ်တို့သည် ရသေ့တောင်၊ မြောက်ဦး၊ မောင်တော၊ ပလက်၀ မြို့နယ်များ၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ဒေသခံ ပြည်သူများလည်း စစ်ဘေးရှောင်နေကြရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"တိုက်ပွဲကပြင်းထန်တယ်။ ကားတွေ ပိတ်ဆို့သွားတယ်။ဒီရက်ထဲ တိုက်ပွဲတွေဆက်လာနိုင်တာမို့ သတိဝိရိယနဲ့ သွားလာကြဖို့ လိုတယ်"ဟု သိန္နီမြို့ခံတစ်ဦးက ပြောသည်။

သတင်း

အဆိုပါဖြစ်စဥ်တွင် ရွှေဘိုခရိုင်တပ်ရင်း(၇)၊ တန့်ဆည် နယ်ပြည်သူလုံခြုံရေးတပ်ဖွဲ.(ပ.လ.ဖ)၊ မြောက်ပိုင်းမဟာမိတ်ဖွဲ့(ဓူဝံ)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိကာ မစိုးရိမ်ရကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။

သတင်း

မိုင်းဖောက်ခွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ယာဥ်သည် မိုးကာအုပ်ထား၍ ထိခိုက်သူအရေအတွက်ကို အတိအကျမသိရသော်လည်း နှစ်ဦးသေဆုံးသည်ကို အတည်ပြုနိုင်ကြောင်း ဆိုသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းကို ဆက် လက်စောင့်ကြည့်နေဆဲ ဖြစ်ပြီး အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်ကြောင်း PDF Taung Dwin Region မင်းကင်းတပ်ဖွဲ့က ဖော်ပြသည်။