မိုင်းသင်တန်းဆင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ်သုံးဦးက ၎င်းတို့ပြန်မည့်လမ်းတွင် တွေ့ရသည့် စစ်အုပ်စုယာဥ်ကို လမ်းကြုံမိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကြောင်း ကလေး PDF (People’s Defence Force Kalay)တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ် ယာဥ်အား မိုင်းခွဲတိုက်ခိုက်မှုကို ကလေးမြို့နယ် အင်ဒိုင်းကုန်းကျေးရွာအနီးတွင် ယမန်နေ့(စက်တင်ဘာ ၃ရက်) ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
” တကယ်တော့ သူတို့က(ပြည်သူ့ကာကွယ်ရေးရဲဘော် သုံးဦး) မိုင်းသင်တန်းဆင်းပြီး ပြန်တာ။ ပြန်တဲ့လမ်းမှာ စခတွေက ရှိနေတော့ ပြန်မရအုံးမယ့်အတူ ငါတို့မှာလည်း မိုင်းပါတယ်ဆိုပြီး စစ်ခွေးကားလာနိုင်ခြေရှိတဲ့ နေရာမှာ မိုင်းထောင်တာ။ ချက်ကောင်းထိတယ်။ အရမ်းတော်တယ်။ ရယ်လည်းရယ်ရတယ်”ဟု အဆိုပါတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ်သုံးဦးသည် People’s Defence Force Kalay -Mine Team တွင် မိုင်းထုတ်လုပ်ဖောက်ခွဲရေး မွမ်းမံသင်တန်းတက်ခဲ့သူများဖြစ်သည်။
” မိုင်းသင်တန်းက ဒီနေ့မှဆင်းတယ်။ ဒီနေ့ဂျိမ်းလိုက်တယ် “ဟု People’s Defence Force Kalay -Mine Team က စက်တင်ဘာလ ၃ရက်တွင် ထုတ်ပြန်သည်။
မိုင်းဖောက်ခွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ယာဥ်သည် မိုးကာအုပ်ထား၍ ထိခိုက်သူအရေအတွက်ကို အတိအကျမသိရသော်လည်း နှစ်ဦးသေဆုံးသည်ကို အတည်ပြုနိုင်ကြောင်း ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်တတိယလပတ်အတွင်းကလည်း ကလေး PDF မှ မိုင်းကျွမ်းကျင်သူတစ်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့ရန်လာရောက်စဥ် မိုင်းခြောက်လုံး ဖောက်ခွဲတိုက်ခိုက်ခံလိုက်ရသည်။ ယင်းဖြစ်စဥ်တွင် နေအိမ်လုံးဝပျက်စီသွားသော်လည်း စစ်ကောင်စီတပ် အထိနာခဲ့သည်ဟု ကလေး PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
