စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကျော်ရွာတိုက်ပွဲတွင် သေဆုံးသွားသော သုံးပွင့်ဗိုလ်ကြီးတစ်ဦးနှင့် အခြားအရာရှိများအတွက် လျော်ကြေး ကျပ်သိန်းသုံးထောင်ပေးရန်ဟုဆိုကာ စစ်ကောင်စီက အဆိုပါကျေးရွာအား အတင်းအကြပ်တောင်းခံနေကြောင်း PDF Taung Dwin Region မင်းကင်းတပ်ဖွဲ့က ယနေ့(စက်တင်ဘာ ၄ရက်) ထုတ်ပြန်သည်။
ထို့အပြင် မင်းကင်းမြို့နယ် တောင်တွင်းဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ ကြောင်းလည်း အသိပေးသည်။
“အခု စခ တွေအင်အားတိုးပြီး စစ်ထိုးလာတာ။ ခန့်မှန်းအရေအတွက်က ၁၂၀ ကျော်လောက်ပါတယ်”ဟု PDF Taung Dwin Region မင်းကင်း တပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ယမန်နေ့က ကုန်မော်ရွာသို့ ဝင်ရောက်မွှေနှောက်ခဲ့ပြီး ဘုန်းကြီးကျောင်းတွင် သိမ်းရှောင်နေသော အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် ပြည်သူ ၁၀ဦးကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားကာ ဆိတ်သာကျေးရွာတွင် တပ်စွဲထားကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းကို ဆက် လက်စောင့်ကြည့်နေဆဲ ဖြစ်ပြီး အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်ကြောင်း PDF Taung Dwin Region မင်းကင်းတပ်ဖွဲ့က ဖော်ပြသည်။
မင်းကင်းမြို့နယ်၊ ကျော်ရွာ၌ တပ်စွဲထားသော စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ကို ဇွန်လအတွင်းက နယ်မြေခံကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာ ရက်ပေါင်း(၂၀) ကြာစစ်ဆင်ရေးဆောင်ရွက် ခဲ့ စစ်အုပ်စုမှ အနည်းဆုံး ၁၅ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
































