ကျိုက်ထိုမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ တိမ်းရှောင်နေခဲ့ရပြီး လူဦးရေ(၂၀၀၀)ကျော်ဟာ စားဝတ်နေရေးခက်ခဲမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ တပ်မ(၄၄)လက်အောက်ခံတပ်တွေဟာ ကေအဲန်ယူ-ဒူးသထူခရိုင် ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကျေးနယ်အတွင်း နယ်မြေကျူးကျော်ပြီး လက်နက်ကြီးအထိုင်ချတပ်စွဲထားကာ ပြီးခဲ့တဲ့ စက်တင်ဘာ(၁)ရက်နေ့က မဲရုံးလေးကျေးရွာထဲကို လက်နက်ကြီးငါးချက် ပစ်ခတ်ခဲ့တာပါ။
“ညနေ(၄)နာရီ လောက်မှာ လက်နက်ကြီးသံ (၂) ချက်ကြားရတယ် ည (၉) နာရီကျော်လောက်မှာ(၂)ချက်ကြားရတယ်။ ရွာထဲမှာလည်း လက်နက်ကြီး ခဏခဏကျတော့ ရွာသားတော်တော်များများ လက်နက်ကြီးကြောက်လို့ ပြေးကုန်ပြီ” လို့ ရွာသားတစ်ဦးက ပြောပါတယ်။
ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ကကျေးရွာတွေထဲကို လက်နက်ကြီး မကြာခဏပစ်ခတ်မှုတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေရှိနေတာကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေးခက်ခဲနေတဲ့ ဒေသခံပြည်သူဦးရေ (၂၀၀၀၀) ကျော်ရှိတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။
