စစ်ကောင်စီအား ခုခံတော်လှန်တိုက်ခိုက်နေသည့်ကာလ မပြီးမဆုံးမချင်း စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် ဖြတ်သန်းသွားလာကြမည့် မော်တော်ယာဥ်များ လိုက်နာရမည့် အချက်များအား အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုက ယမန်နေ့(စက်တင်ဘာ ၂ရက်) တွင် ထပ်မံသတိပေးကြေညာသည်။
မုံရွာ – မန္တလေးလမ်းပိုင်းကို အသုံးပြုနေကြသော မိဘပြည်သူများအနေဖြင့် ယနေ့မှစ၍ တော်လှန် ရေးကြီး ပြီးဆုံးအောင်မြင်သည်အထိမည်သည့် မော်တော်ယာဉ်မဆို ကားမှန်များချပြီး သင့်တင့်သောအရှိန်ဖြင့်သာ မောင်းနှင်ကြရန်၊ ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း အရေးပေါ်အကြောင်းပြချက်တစ်ခုခုဖြင့် ဖြတ်သန်းသွားလာမည်ဆိုပါက မုံရွာ – မန္တလေးလမ်းပိုင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ်အသိပေးပြီးမှ ဖြတ်သန်းသွားလာကြရန် သတိပေးသည်။
အဆိုပါ အသိပေးတားမြစ်ချက်များကို မလိုက်နာပါက စစ်ကောင်စီ၏ အရပ်ဝတ်ကားများ၊ စစ်ကောင်စီ အသုံးပြုနေသော လူနာတင်ယာဉ် များ၊ စစ်ကောင်စီအသုံးပြုနေသော သာသနာရေးကားများဟုသာ ယူဆပြီး ထိုကားများနှင့် ထိုကားများကိုအသုံးပြုသူများ ထိခိုက်နစ်နာမှုများရှိလာပါက တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ကြောင်း အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုက အသိပေးသည်။
မုံရွာ – မန္တလေးလမ်းသည် စစ်ကိုင်းတိုင်းအတွင်းနှင့် မကွေးတိုင်းသို့ ကူးသန်းဆက်သွယ်သွားလာရာ အဓိက အကျဆုံးလမ်းမကြီးတစ်ခုဖြစ်ကာ စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားတိုင်းလည်း ဒေသတွင်း PDFအဖွဲ့များက လမ်းတစ်လျှောက် တော်လှန်တိုက်ခိုက်လျက်ရှိသည်။
