မကွေးတိုင်း၊ မြိုင်မြို့နယ် မြိုင် – လက်ယက်မလမ်းပေါ်တွင် စစ်ကူသွားသည့် စစ်ကောင်စီယာဥ်နှစ် စီး ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရ၍ နောက်ကြောင်းပြန်လှည့်မောင်းသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (သြဂုတ် ၂ ရက်) ညနေ ၃ နာရီခန့်က မြိုင်နယ် ကန်နီ(ပျူ)ကျေးရွာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်နေစဉ် မြိုင်ဘက်မှ ကန်နီ(ပျူ)ကျေးရွာသို့ မြိုင် – လက်ယက်မလမ်းမကြီးအတိုင်း စစ်ကူလာသောစစ်ကားနှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Myaing Villages Revolution Front – ( MVRF)က သတင်းထုတ်ပြန်သည်။

Myaing Villages Revolution Front – (MVRF) နှင့် ပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခဲ့ရာ စစ်ကား နှစ်စီးလုံး မြိုင်မြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း MVRFက အသိပေးသည်။
ညနေ ၃ နာရီခန့်ကပင် မြိုင်မြို့အရှေ့ဘက်၊ ပုသိမ် – မုံရွာလမ်းဆုံမှတစ်ဆင့် ကန်နီကျေးရွာသို့ စစ်ကူသွားသော စစ်ကောင်စီတပ်နှင့် ရဲ ၂၅ဦးခန့်လိုက်ပါလာသည့် Hijet ယာဉ်အား မြိုင်(ပကဖ) အဖွဲ့ကလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားသည်။
မကွေးတိုင်း မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၊ ပျူနှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်၏ အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများကြောင့် ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
