စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်တွင် ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (စက်တင်ဘာ ၁ ရက်) နံနက် ၁၀နာရီ ၂၀မိနစ်ခန့်က ခင်ဦးမြို့ ဘူတာအရှေ့ဘက် ပန်းခြံနှင့် ပေလမ်းကူး ကန်တော်တံတား အရှေ့ဘက်ထိပ် (၁၀)ပေခန့်တွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
ဗုံးပေါက်ကွဲမှုကြောင့် အသက်(၂၅)နှစ်အရွယ် မမီးမီးဆိုသူ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိကာ ခင်ဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများက ပြောသည်။

ဗုံးပေါက်ကွဲသောနေရာသည် အကြမ်းဖက်စစ်ကောင်စီတပ်သားများ မကြာခဏကင်းပတ် ကင်းပုန်းလေ့ရှိသည့်နေရာဖြစ်ပြီး လူသူအသွားအလာနည်းကြောင်း သိရသည်။
ယမန်နေ့က ခင်ဦးနယ်တိုက်ပွဲ၌ အရာရှိသုံးဦးအပါအဝင် စစ်ကောင်စီတပ်သား ၃၀ကျော် သေဆုံး၍ စစ်ကောင်စီတပ်က ပိုမိုအကြမ်းဖက်လာနိုင်သောကြောင့် နယ်သူနယ်သားများ သတိပြုနေထိုင်ကြရန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။
