ပြည်ပရောက်မြန်မာများ၏ ပြည်တွင်းသို့လွှဲပို့သောနိုင်ငံခြားငွေများကို အရောင်းအဝယ်ပြုလုပ်ပါက ၂၁ ရက်အတွင်း အပြီးသတ်ရောင်းချရမည်ဟု စစ်ကောင်စီ၏ဗဟိုဘဏ်က ဩဂုတ် ၃၀ ရက်ထုတ်ပြန်ကန့်သတ်လိုက်သည်။
အဆိုပါကန့်သတ်ချက်သည် စက်တင်ဘာ ၁ ရက်မှစ၍ အကျိုးသက်ရောက်ရမည်ဟု စစ်ကောင်စီခန့် ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေကလက်မှတ်ရေးထိုး ထုတ်ပြန်သည်။
ပို့ကုန်သွင်းကုန်လုပ်ငန်းများအပါအဝင် ဒေါ်လာဝင်ငွေရှိသောလုပ်ငန်းမျိုးစုံကို စစ်ကောင်စီက နည်းမျိုးစုံဖြင့်ကန့်သတ်၍ ဒေါ်လာရရန်လုပ်ကိုင်နေရာ ယခုအခါ ပြည်ပရောက်မြန်မာလုပ်သားများထံအလှည့်ရောက်လာခြင်းဖြစ်သည်။

ပြည်ပရောက်မြန်မာများက ပြည်တွင်းသို့ ပြန်ပို့သည့်လုပ်ခ၊ လစာဝင်ငွေများကို ကိုယ်တိုင်သုံးစွဲခြင်း၊ အခြားသူများကို လွှဲပြောင်းခြင်း၊ဘဏ်သို့ရောင်းခြင်းတို့ကိုလွတ်လပ်စွာဆောင်ရွက်နိုင်သည်ဟုဆိုသည်။ သို့သော်လည်းအထက်ပါနိုင်ငံခြားငွေများကို တစ်ဆင့်ဝယ်ယူထားသည့် လူပုဂ္ဂိုလ်၊ ကုမ္ပဏီနှင့်အဖွဲ့အစည်းအနေဖြင့် ထပ်ဆင့်ရောင်းချခြင်းမပြုလုပ်ရ စစ်ကောင်စီဗဟိုဘဏ်ကတားမြစ်ထားသည်။
ရောင်းချလို့ပါကနိုင်ငံခြားငွေရောင်းဝယ်ခွင့်ရှိသော(AD)လိုင်စင်ရ ဘဏ်များကိုသာ ရောင်းချရမည်ဟု စစ်ကောင်စီကကန့်သတ်ထားသည်။
အထက်ပါအတိုင်းရောင်းဝယ်မှုပြုလုပ်ပါက ၂၁ ရက်အတွင်းဆောင်ရွက်ရမည်ဟုလည်း စစ်ကောင်စီဗဟိုဘဏ်က ကန့်သတ်ထားသည်။
လက်ရှိတွင် ပြည်ပရောက်မြန်မာများက နိုင်ငံခြားငွေကိုပြည်တွင်းသို့ပြန်လည်ပို့ဆောင်ရာတွင် စစ်ကောင်စီသတ်မှတ်ထားသည့် တစ်ဒေါ်လာကို ၂၁၀၀ကျပ်ဖြင့် တွက်ချက်ပြီး ပြည်တွင်းဘဏ်များက ကျပ်ငွေထုတ်ပေးနေခြင်းဖြစ်သည်။
ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ကျပ် ၃၇၀၀ အထိ ဩဂုတ် ၃၀ က ပေါက်ဈေးရှိနေသည်။
“၁၀၀ တန်တဲ့ ပစ္စည်းကို ၈၀နဲ့ရောင်းဆိုရင် ဘယ်သူကရောင်းမှာလဲ။ ဒီလိုဘဲ ပြင်ပပေါက်ဈေးမှာ တစ်ဒေါ်လာကို ၃၅၀၀ကျော်နေချိန်မှာ သူတို့က ၂၁၀၀နဲ့ ဖြတ်နေတော့ ဘယ်သူမှ ပို့မှာမဟုတ်ဘူး၊ အရင်တုန်းကလို ဟွန်ဒီနဲ့ပဲပို့ကြလိမ့်မယ်။ ဒါကို အခုလို ထပ်ခေါင်းပုံဖြတ်တော့ မဖြစ်မနေလုပ်ရတဲ့သူဘဲ လုပ်လိမ့်မယ်၊ အများစုက လုပ်မှာ မဟုတ်ဘူး”ဟု ပြည်ပမှ ပြည်တွင်းသို့ငွေလွှဲလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကပြောသည်။
