တားမြစ်ထားသည့် စစ်ကောင်စီ၏ ကျောထောက်နောက်ခံ စီးပွားရေးထုတ်ကုန်များကို ဆက်လက်ကူးသန်းရောင်းဝယ်လုပ်ကိုင်နေသူများအား ပြင်းထန်ထိရောက်စွာအရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင့် PDF(တမူး) တပ်ရင်း – ၃ က ယနေ့ ထုတ်ပြန်လိုက်သည်။
ကလေး – တမူး အာရှလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားနေသည့် ခရီးသည်တင်ကားများ၊ ကုန်တင်ကားကြီးများ စစ်ကောင်စီထုတ်ကုန်များ ကူးသန်းရောင်းဝယ်မှု ဆက်လက်ပြုလုပ်နေသည်ကို စစ်ဆေးတွေ့ရှိရခြင်းကြောင့်ဖြစ်သည်ဟု PDF(တမူး)က ဆိုသည်။

ထိုသို့ စစ်ကောင်စီထုတ်ကုန် ဘီယာဖာများ၊ အရက်ဖာများ၊ ဆေးလိပ်ဖာများနှင့် အခြားထုတ်ကုန်များကို တားမြစ်ရှောင်ကျဉ်မှုမရှိပဲ ကူးသန်းရောင်းဝယ်မှုများပြုလုပ်နေသည်ကို တပ်ရင်း(၃)မှ လွန်စွာဝမ်းနည်းစိတ်ပျက်မိသည်ဟုလည်း ထုတ်ပြန်ထားသည်။
ထိုကြောင့် ကူးသန်းရောင်းဝယ်နေသူများကို ပြင်းထန်ထိရောက်စွာအရေးယူမည်ဟုလည်း PDF(တမူး)က ဆိုထားသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ယမန့်ည ၇နာရီခွဲခန့်မှစတင်ပြီး ယနေ့ညနေအထိ တမူးမြို့နယ်အတွင်းရှိ ကွန်းတောင်းစခန်းမှ လက်နက်ကြီး (၁၀)ကြိမ်မနည်း ရမ်းသမ်းပစ်ခတ်နေသည်ဟု ဆိုထားသည်။
ထို့ကြောင့် တမူး-အောင်ဇေယျလမ်းပိုင်းတွင် အချိန်မရွှေးတိုက်ပွဲများဖြစ်နိုင်သည့်အတွက် ပြည်သူများ သတိထားသွားလာကြရန် PDF(တမူး)က သတိပေးထားခြင်းဖြစ်သည်။
