စစ်ကောင်စီတပ်က မီးရှို့ခဲ့သည့် စစ်ကိုင်းမြို့နယ်၊ တောင်မြို့ကျေးရွာကို မီးငြှိမ်းသတ်ပြီး ဒေသခံများကို အားပေးခဲ့ကြောင်း ZEROပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က ထုတ်ပြန်သည်။
ယနေ့(ဩဂုတ် ၂၉ ရက်) နံနက် ၆နာရီခန့်က ကြွယ်ပုံကျေးရွာ၌ အခြေစိုက်ထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ တောင်မြို့ကျေးရွာကို လက်နက်ကြီးဖြင့်ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နောက်မီးရှို့ခဲ့ခြင်းဟု ဆိုသည်။

“စခ နဲ့ ပျူစောထီး ၄၀ ကျော်လောက်ပါတယ်။ ကျွန်တော်တို့ သတင်းကြားလို့သွားထောက်တဲ့အချိန်မှာ နေအိမ် ၅၀ လောက်ပါသွားတယ်။နောက်ပြီး စခ တပ်စစ်ကြောင်းက ဆုတ်သွား တယ်။ အဲဒါနဲ့ မီးငြိမ်းရင်းနဲ့ ဒေသခံတွေ အားတင်းထားဖို့၊စည်းလုံးဖို့နဲ့ အချင်းချင်းဝိုင်းဝန်း ကူညီဖို့ တိုက်တွန်းခဲ့တယ်”ဟု ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၏ ပြန်ကြားရေးတာဝန်ရှိ သူက ရှင်းပြသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က တောင်မြို့ကျေးရွာကိုအကြောင်းမဲ့ မီးရှို့ခဲ့ခြင်းဟု ၎င်းက ဆိုသည်။


စစ်ကောင်စီတပ်က တောင်မြို့ကျေးရွာသို့ ဝင်ရောက်စီးနင်းရာတွင် အချိန်မီရှောင်တိမ်းနိုင်ခြင်းမပြုနိုင်ခဲ့သော အသက် (၁၇)နှစ်ခန့်ရှိသည့် ရွာသားတစ်ဦး ပစ်သတ်ခံရကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ထို့အပြင် ယနေ့ ညနေပိုင်းတွင် စစ်ကိုင်းမြို့နယ် တောင်ကြားကျေးရွာကို ကြွယ်ပုံရွာမှ စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့က ထပ်မံမီးရှို့ခဲ့ကြောင်း သိရသည်။
