ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်ရှိ ဒေါကူးခူကျေးရွာအနီး တပ်စွဲထားသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) တပ်ဖွဲ့က ယနေ့(သြဂုတ် ၂၉ ရက်) ထုတ်ပြန်သည်။
အကြမ်းဖက် စစ်ကောင်စီတပ်စွဲရာနေရာကို ယမန်နေ့(သြဂုတ် ၂၈ရက်)က KRU၏ လက်လုပ် (၈၁)မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
“ဒေါကူးခူက ထီးပေါ်ဆို ကျေးရွာအုပ်စုထဲမှာရှိတယ်။ဒီလ ၂၀ ရက်လောက်ကတည်းက ရန်သူ ( အကြမ်းဖက်စစ်ကောင်စီ)တပ်က အင်အား ၂၀၀ လောက်နဲ့ တပ်ဖြန့်ပြီးဝင်လာတာ”ဟု KRU တာဝန်ရှိသူက People`s Springသို့ ရှင်းပြသည်။
စစ်ကောင်စီတပ်များဘက်မှ အထိနာခဲ့သည်ဟု ခန်းမှန်းရပြီး တိုက်ပွဲနှင့် မသက်ဆိုင်သည့် ကျေးရွာများအား အတွဲလိုက်ဒုံး၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းလည်း KRU က အသိပေးသည်။
ယမန်နေ့တိုက်ပွဲတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) နှင့် အခြားသော မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်များ မှ အထိခိုက်တစ်စုံတစ်ရာမျှမရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ထို့အပြင် ထီးပေါ်ဆို ကျေးရွာအုပ်စုအတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို သြဂုတ် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးခန့်သေဆုံးကြောင်း DMO Local PDF က ထုတ်ပြန်ထားသည်။
ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ရဲဘော်များ လက်နက်ကြီးပစ်ခတ်ရန် ပြင်ဆင်နေစဥ်၊ Karenni Revolution Union (KRU)
