■ယနေ့ရွှေဈေးကျပ် ၂၉ သိန်းကျော်ပေါက်နေချိန်တွင်ရွှေအသင်းက သိန်း ၂၀ ကျော်ဖြင့်ဈေးဖွင့်ပြီး၊ကျပ် ၈သိန်းခန့်ကွာ
ပြည်တွင်းရွှေဈေးကို စစ်ကောင်စီအလိုကျ ဆောင်ရွက်ပေးနေသော ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း ကသတ်မှတ်သောဈေးအတိုင်းအရောင်းအဝယ်လုပ်ရန် အဆိုပါအသင်းက ယနေ့ထုတ်ပြန်လိုက်သည်။
စစ်ကောင်စီအလိုကျ ဆောင်ရွက်ပေးနေသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆိုကာယနေ့(သြဂုတ် ၂၉)တွင်အစည်းအဝေးပြုလုပ်ပြီး အချက် ၃ ချက်ပါသော ဆုံးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဈေးကွက်ပေါက်ဈေး(အမှန်တွက်ရန်ကုန်တိုင်းရွှေအသင်းကသတ်မှတ်သောဈေး)ဖြင့်အရောင်းအဝယ်စာရင်းတင်ရန်၊ဘဏ်စာရင်းကိုအသုံးပြုရန် ၊ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းသို့ရည်ညွှန်းနှုန်းနေ့စဥ်တင်ရန်ဟု အဆိုပါအသင်းကဆုံးဖြတ်သည်။
ယနေ့အခေါက်ရွှေဈေးကို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက တစ်ကျပ်သားလျှင် ကျပ် ၂,၀၂၁,၀၀၀ကျပ် သတ်မှတ်ထားသည်။ သို့သော်လည်း ပြင်ပပေါက်ဈေးတွင် ကျပ်၂,၉၁၀,၀၀၀ကျော်ဈေးရှိနေသည်။ထိုကြောင့် အပြင်လက်တွေ့ရောင်းဝယ်သောနှုန်းနှင့် ရန်ကုန်တိုင်းရွှေအသင်းကသတ်မှတ်သောနှုန်းမှာတစ်ကျပ်သားလျှင် ကျပ် ၈ သိန်းခန့်ကွာဟနေသည်။
“ရွှေအသင်းကတော့ စစ်ဗိုလ်တွေမျက်နှာကြည့်ပြီး ဈေးဖွင့်နေတာ။ နောက်ပြီး ဒေါ်လာဈေးက စစ်တပ်က သတ်မှတ်တဲ့ဈေးနဲ့ပြင်ပပေါက်ဈေးက ၁၂၀၀ (၁ ဒေါ်လာလျှင် ၁၂၀၀ကျပ်ခန့်)လောက်ကွာတာ့ ပြင်ပဈေးနဲ့ အသင်းကဖွင့်တဲ့ဈေးတော့ကွာဦးမယ်ထင်တယ်”ဟုရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။
အခြားရွှေလုပ်ငန်းရှင်တစ်ဦးကလည်း “သတ်မှတ်နှုန်းတိုင်း အတင်းအဓမ္မရောင်းခိုင်းနေရင် ရွှေဈေးကထိန်းလို့ရမှာ မဟုတ်ဘူး”ဟုသူ၏အမြင်ကိုပြောသည်။
ကျပ်ငွေတန်ဖိုး စံချိန်တင်လျော့ကျလာပြီးရွှေဈေးမြင့်တက်လာပြီး စစ်ကောင်စီက ရွှေလုပ်ငန်းရှင်များကို ဩဂုတ်၂၇ရက်ကခေါ်ယူတွေ့ဆုံခဲ့သည်။
