စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်နေချိန်တွင် မသက်ဆိုင်သလို လက်ပိုက်ကြည့်နေ ကြသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများသည် စစ်အာဏာရှင်၏ ကျွန်(သို့မဟုတ်)ဘတ်တော်သား များဖြစ်နေကြောင်း ကရင်နီတပ်မတော်(KA)၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က ပြောသည်။
ယနေ့(သြဂုတ် ၂၉ရက်) ရက်စွဲဖြင့် KA နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)လူငယ်များနှင့် ပြည်သူလူထုထံသို့ အထူးသတိထားဂရုပြုရန် အသိပေးစာအရ အထက်ပါ အတိုင်းဖော်ပြထားခြင်းဖြစ်သည်။

ကရင်နီအမျိုးသားများသည် စစ်အာဏာရှင်ပြုတ်ကျရေးအတွက်တိုက်ပွဲဝင်နေချိန်တွင် အစွန်းရောက်ဘာသာရေးသမား၊တော်လှန် ရေး အမည်ခံ အချောင်းသမားသမားများ၊နိုင်ငံရေးပွဲ စားများ၊အတ္တမာန စီးပွားရေးသမားများသည် အသိခေါက်ခဲ အဝင်နက်ပြီး ၎င်းတို့နှင့် မဆိုင်သလို လက်ပိုက်ကြည့်နေကြသည်ဟု ဆိုသည်။
ထို့ကြောင့် ၎င်းလူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများသည် အလိုအလျောက်စစ်အာဏာရှင်၏ ကျွန်(ဝါ) ဘတ်တော်သားဖြစ်နေကြသည်ဟု ဗိုလ်မှူးချုပ်အောင်မြတ်က အသိပေးသည်။
ထိုပုဂ္ဂိုလ်များကို အထူးသတိပြုရန်လည်း ၎င်းက ဆိုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီကို ခုခံစစ်ဆင်နွှဲနေသည့် နိုင်ငံတစ်ဝန်း ရှိဒေသများအနက် ကရင်နီ(ကယား)ပြည်နယ် မှာ နေ့စဥ် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
လက်ရှိချိန်အထိ ကရင်နီတပ်မတော် KA နှင့် KNDF အပါအဝင် ဒေသတွင်း ပြည်သူ့ကာကွယ် ရေးတပ်ပေါင်းစုများကနယ်မြေစိုးမိုးမှုများစွာ လုပ်ဆောင်နိုင်နေသည်။
