▪︎ရဲဘော်များ ကျဆုံးမှုမရှိသော်လည်း စခန်းစွန့်လွှတ်ရဟု ပကဖ အသိပေး
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တပ်စခန်းနေရာကိုစစ်ကောင်စီတပ်ကလေကြောင်း ပစ်ကူရယူပြီးဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်းကောလင်း ပကဖ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့က ဖော်ပြသည်။
ကောလင်း-ကျွန်းလှ- ကန့်ဘလူနယ်စပ်၌ ဩဂုတ် ၂၃ရက်က ဖြစ်ပွားသည့် တိုက်ပွဲ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များကာ အရာရှိများ ဖမ်းဆီးခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်က ဒေသတွင်းသို့ စစ်အင်အားဖြည့်တင်းထိုးစစ်ဆင်လျက်ရှိသည်။

“စခန်းကို လေကြောင်းပစ်ကူနဲ့စခအင်အားတွေ ချပြီးဝင်ရောက်စီးနင်းတယ်၊အဲ့အချိန် ရဲဘော်တွေက ရှေ့တန်းရောက်နေကြတာ၊ကျန်ခဲ့တဲ့ရဲဘော်အချို့လည်းပစ်ဆုတ်ဆုတ်ခဲ့ရတယ်”ဟု ကောလင်း ရပ်ကျေး ပ က ဖ တာဝန်ခံတဦး၏ ပြောကြားချက်ကို ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ယမန်နေ့ညပိုင်း၌ ဖော်ပြသည်။ မည်သည့် နေ့ရက်တွင် စီးနင်းတိုက်ခိုက်ခံရသည်ကိုမူ ဖော်ပြမထားပေ။
စစ်ကောင်စီတပ်သည် ကျွန်းလှမြို့နယ်ရှိ ကျေးရွာများသို့လည်း စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။
စစ်ကောင်စီတပ်၄၀ ကျော်သေဆုံးပြီး အရာရှိ ၃ ဦးအအရှင်ဖမ်းမိကာစစ်တပ်အထိနာခဲ့သော တိုက်ပွဲဖြစ်ပွားရာနေရာအနီးရှိ ကောလင်းမြို့နယ် အောင်ချမ်းသာရွာကိုလည်း ဩဂုတ် ၂၄ရက်က စစ်ကောင်စီတပ်များ ဝင်ရောက်မီးရှို့ခဲ့ရာ ရွာလုံးကျွတ် မီးလောင်ပျက်စီးခဲ့သည်။
