‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ဒလမြို့ရှိ စစ်ကောင် စီလက်အောက်ခံ စရဖ အရာရှိတစ်ဦးပိုင်ဆိုင်သည့် ဆိုင်ခန်းအနီး ယနေ့နံနက်ပိုင်းက အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်စစ်ဒေသခွဲ တာဝန် ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ယနေ့နံနက် ၇ နာရီခန့်က ရန်ကုန် ဒလမြို့နယ်သင်္ဘောဆိပ်နှင့် ကားကြီးဂိတ်တို့တွင် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)မှ CCTV များဖြင့် စောင့်ကြည့်သတင်းရယူနေသဖြင့် သတင်းရယူရာဌာနဖြစ်သည့် စစ်ကောင်စီအရာရှိတစ်ဦးပိုင်သည့် ဝတိန်နန်းဆိုင်နှင့် ဆိုင်ဝန်းကျင်ကို အဝေးထိန်းဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ် ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
“ပေါက်ကွဲမှုကြောင့် ပျက်စီးထိခိုက်မှူတစ်ချို့ရှိပြီး စခများ သေ၊ မသေအတည်မပြုနိုင်သေးပါ” ဟု ရန်ကုန်စစ်ဒေသခွဲ တာဝန်ရှိသူက ဆိုသည်။
အထက်ပါတိုက်ခိုက်မှုကို နန်းထိုက်အောင်မြို့ပြစစ် ဆင်ရေးအစိတ်အပိုင်းအဖြစ် MO-4 & Star Light (Dala)ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
အလားတူ ရန်ကုန်စစ်ဒေသခွဲ၏ နန်းထိုက်အောင်စစ် ဆင်ရေးအစိပ်အပိုင်းအဖြစ် သြဂုတ် ၂၆ ရက် ည ၈ နာရီ ၄၀မိနစ်ခန့်က သာကေတမြို့နယ် (၇)ရပ်ကွက်အနောက်ရှိ မြို့နယ်သမဝါယမရုံးအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကင်းတဲကို လက်ပစ်ဗုံးဖြင့် ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ထိခိုက်သွား၍ ကားဖြင့်သယ်သွားပြီး ပြန်လည်ပစ်ခတ်မှုလည်း လုပ်ဆောင်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲက ပြောသည်။
ယင်းတိုက်ခိုက်မှုကို နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအစိတ်အပိုင်းအဖြစ် MO-5 (Exodus) အဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အထက်ပါ နန်းထိုက်အောင် စစ်ဆင်ရေးအစိပ်အပိုင်းများကို ရန်ကုန်မြို့တွင်သာမက တနင်္သာရီတိုင်း ကော့သောင်းခရိုင်တွင်လည်း ယနေ့နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်မှ ယာဥ်ကြီးနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲက ပြောသည်။
ကော့သောင်းခရိုင် ခမောက်ကြီးမြို့၊ အဝေးပြေးလမ်းမကြီး (၄၈)မိုင်ခန့်တွင် ကော့သောင်းမှ ဘုတ်ပြင်းဘက်တက်လာသော အင်အား (၃၀)နီးပါးပါဝင်သည့် စစ်ကားအကြီးနှစ်စီးကို ကော့သောင်း-ဘုတ်ပြင်း ပကဖ ပူးပေါင်းအဖွဲ့က ၁၅ မိနစ်ကြား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြောသည်။
ပစ်ခတ်တိုက်ခိုက်မှုအတွင် စစ်ကောင်စီတပ်ဖက်မှ ထိ ခိုက်မှုများရှိပြီ ပူးပေါင်း(ပကဖ)အဖွဲ့မှ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာလာခဲ့ကြောင်း အသိပေးထားသည်။
