မကွေးတိုင်း၊ မြိုင်မြို့နယ်အခြေစိုက် တမာမြေပြောက်ကျားတပ်ဖွဲ့မှ ကျဆုံးသွားသော ရဲဘော်နှစ်ဦး၏ အရိုးပြာ ဂူသွင်းမြှုပ်နှံခြင်းအခမ်းအနားကို ယမန်နေ့ (သြဂုတ်၂၇ရက်)က ပြုလုပ်ရာ ဒေသခံပြည်သူအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြသည်။
အဆိုပါရဲဘော်နှစ်ဦးမှာ အသက်(၂၀) အရွယ် ရဲဘော်လျှပ်စီးနှင့် အသက်(၁၈) နှစ်အရွယ် ရဲဘော်ဖောင်းဒိုင်းတို့ဖြစ်ပြီး လွန်ခဲ့သော တစ်လခန့်က လေညင်းတောင်တိုက်ပွဲတွင်ကျဆုံးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်၏ စစ်ကြောင်းများကြောင့် ကျဆုံးရဲဘော်နှစ်ဦး၏ ရုပ်အလောင်းအား ဂူသွင်းသင်္ဂြိုလ်ခြင်း၊ အလေးပြုအမိန့်ပြန်ခြင်းတို့မပြုလုပ်နိုင်ခဲ့ဘဲ သြဂုတ်၂၇ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တမာမြေပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

ကျဆုံးအာဇာနည်ရဲဘော် နှစ်ဦးအား တမာမြေပျောက်ကျားအဖွဲ့ဝင် ရဲဘော်များ၊ မဟာမိတ်ရဲဘော်များနှင့် ဒေသခံပြည်သူများက လိုက်ပါပို့ဆောင်ခဲ့ကြပြီး အမိန့်ပြန်တမ်းထုတ်ပြန်ကာ အလေးပြုနှုတ်ဆက်ခဲ့သည်။
ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ဖက်စစ်အာဏာရူးများကို ရွပ်ရွပ်ချွံချွံတော်လှန်တိုက်ခိုက်ရင်း နိုင်ငံတော်အတွက် အသက်ပေးလှူသွားခဲ့ ရဲဘော် နှစ်ဦးသည် တိုက်ခိုက်ရေးသာမက ထုတ်လုပ်ရေးဘက်တွင်ပါ ကျွမ်းကျင်ကြကာ ဘက်စုံထူးချွန်လိမ္မာကြောင်း၊ တော်လှန်ရေးအတွက်လွန်စွာအားကိုးရသော ရဲဘော်များဖြစ်၍ အဖွဲ့အတွက် ကြီးမားသောဆုံးရှုံးမှုဖြစ်ပြီး တော်လှန်ရေးအတွက် နှမြောတသဖြစ်ရကြောင်း တမာမြေပျောက်ကျားအဖွဲ့တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။


“ရဲဘော်လျှပ်စီးနှင့်ရဲဘော်ဖောင်းဒိုင်းတို့ တာဝန်ကျေခဲ့ပြီ။ကျွန်ုပ်တို့တမာမြေပျောက်ကျားအဖွဲ့နှင့်ပြည်သူလူထုအား စစ်အာဏာရှင်လက်အောက်မှလွတ်မြောက်ရန် တိုက်ပွဲဝင်ရင်း ရဲဘော်တို့ အသက်ပေးဆပ်ခဲ့ကြပြီ ။ ဖက်ဆစ်အာဏာရူးများကို တိုက်ထုတ်ရင်း အသက်ပေးသွားသော ရဲဘော်လျှပ်စီးနှင့် ရဲဘော်ဖောင်းဒိုင်းတို့ရေ။ကျွန်ပ်တို့ရင်ထဲ ပြည်သူလူထုရင်ထဲ အမြဲတမ်းထာဝရရှိနေမှာပါ။ ငြိမ်းချမ်းစွာ အနားယူကြပါ ရဲဘော်တို့။”ဟု တမာမြေပျောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
