စစ်ကောင်စီတပ်က မီးရှို့နေ၍ ကျေးရွာ ရှစ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ
မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်း၊ ဝယ်တောင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီ တပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ရွာများအားမီးရှို့ဖျက်ဆီးနေ၍ ကျေးရွာ ရှစ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။
ယနေ့ (သြဂုတ် ၂၇ ရက်) နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် မြိုင်မြို့နယ် ဝယ်တောင်ရွာအနောက်ဘက်၌ စစ်သားနှင့်ပျူ ၁၈ဝခန့်ပါသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းပူးပေါင်းအဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့အပြင် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် အနီးအနားရှိ မိဘပြည်သူများအနေဖြင့် သတိထားရှောင်ရှားကြရန် မြိုင်(ပကဖ)က သတိပေးသည်။
လက်ရှိအခြေအနေနှင့်ပတ်သက်၍ မြိုင်(ပကဖ)အဖွဲ့ထံ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။
စစ်ကောင်စီတပ်သည် ဝယ်တောင်(တ)ရွာအား ယမန်နေ့(သြဂုတ် ၂၆ ရက်) မွန်းလွဲပိုင်းက တပ်စွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် ဝယ်တောင်(တ)ရွာအား မီးရှို့ဖျက်ဆီးကာ နံနက် ၁၁ နာရီခန့်တွင် လက်ပံတိုရေနံမှော်ဘက်သို့ ဦးတည်ထွက်ခွာလာကြောင်း ဒေသခံများက ပြော သည်။
“လမ်းတလျှောက် လက်နက်ကြီးတွေရမ်းသမ်း ပစ်ခတ်လာတာကြောင့် ဒေသခံပြည်သူများ မိုးရွာထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။”ဟု We Love Myaing က အသိပေးသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း မြိုင်နယ်အနောက်ပိုင်းရှိ ဆူးဝင်းကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့သေးသည်။
မြိုင်မြို့နယ်အနောက်မြောက်ပိုင်းကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် သြဂုတ် ၂၂ ရက် နှင့် ၂၃ ရက်ကလည်း မြိုင်မြို့နယ်၊ သဒွတ်ကျေးရွာနှင့် ပေါက်ခေါင်းကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရသည်။

romantik69.co.il
28/08/2022 at 3:26 မနက်
I want to to thank you for this good read!! I certainly loved every little bit of it. I have you bookmarked to look at new things you postÖ