ရန်ကုန်မြို့ လှိုင်မြို့နယ် အင်းစိန်လမ်းမပေါ် ဘူတာရုံလမ်း ကားမှတ်တိုင်အနီးရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတွင် ယနေ့ (သြဂုတ် ၂၆) ညနေပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက် နေ ပြည်သူများက ပြောသည်။
“ညနေ ၃ နာရီခွဲလောက်က ဗုံးပေါက်တဲ့ အသံ တစ်ချက် ကြားလိုက်ရတယ်။ လူထိခိုက်မှု ရှိ၊ မရှိတော့ မသိရပါဘူး။ ဆေးရုံကား နှစ်စီးတော့ မီတာရုံးဘက်ကို ထွက်သွားတာ တွေ့လိုက်တယ် ” ဟု လှိုင်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
ယင်းပေါက်ကွဲမှုကို မည်သည့်အဖွဲ့ကလုပ်ဆောင် ခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေ။
အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အင်းစိန်လမ်းနှင့် ဘူတာရုံလမ်း အနီးတစ်ဝိုက်ကို စစ်ကောင် စီဝင်များက လမ်းများပိတ်ဆို့၍ စစ်ဆေးနေကြောင်း သိရသည်။
” ဗုံးပေါက်ပေါက်ပြီးချင်း အင်းစိန်လမ်း၊ ဘူတာရုံလမ်းအနီးတဝိုက် လမ်းတွေ နှစ်ဖက်စလုံး ပိတ် ထားပြီး စစ်တယ် လို့ သိရတယ်။ ညနေ ၅ နာရီလောက်ကျတော့ မြို့ထဲဘက် တက်တဲ့အခြမ်းကို ဖွင့်ပေးလိုက်ပြီး၊ သမိုင်းဘက် သွားမယ့်ဘက်ကို ကန်လမ်းလောက်မှ လမ်းဆက်ပိတ်ထားတယ်။ စစ်ကားအသေး ၃ စီးလောက် ရပ်ထားပြီး အောက်မှာလည်း စစ်သားတွေ အဆင်သင့်စောင့်နေတာ တွေ့ရပါတယ် ” ဟု အဌားယာဥ်မောင်းတစ်ဦးက ပြောသည်။
ထို့အပြင် လှိုင်မြို့နယ် လျှပ်စစ် မန်နေဂျာရုံး၌ မပေါက်ကွဲသေးသည့် ဗုံးတစ်လုံး ထပ်မံတွေ့ရှိသည့် အတွက် စစ်ကောင်စီဝင်များက ညနေ ၅ နာရီကျော်တွင် ဖောက်ခွဲလိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
” ၅ နာရီကျော်လောက်က ဗုံးပေါက်သံ အကျယ်ကြီး တချက် ကြားလိုက်ရတယ်။ စံရိပ်ငြိမ်နားက သူတွေတောင် ကြားရတယ် ပြောတယ်။ ညနေက လှိုင် EPC ရုံးမှာ မပေါက်ကွဲသေးတဲ့ဗုံးကို စစ်သားတွေက ဖောက်ခွဲလိုက်တာလို့တော့ သိရပါတယ် “ဟု ၎င်းက ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၈ မိုင်အနီးရှိ တရားရုံးတွင်လည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အရပ်ဝတ် ရဲနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
