အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေးလုပ်ငန်းအဖွဲ့ကို ပါဝင် သင့်ပါဝင်ထိုက်သူများနှင့် ဖွဲ့စည်းထားကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ယနေ့ထုတ်ပြန်သည်။
အဆိုပါ လုပ်ငန်းအဖွဲ့တွင် NUCC အဖွဲ့ဝင်များ၊ အဖွဲ့ဝင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ NUG ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ကချင်နိုင်ငံရေးဆိုင်ရာကြားကာလညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(KPICT) တို့မှ ကိုယ်စားလှယ်များ စသည့် ပါဝင်သင့် ပါဝင်ထိုက်သူ အဖွဲ့ဝင် ၂၄ ဦးဖြင့် ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟုအသိပေးထား သည်။
ယင်းလုပ်ငန်းအဖွဲ့က အသွင်ကူးပြောင်းရေးကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ကို ပြုစုပြီး နောက် NUCC သည် ပိုမိုကျယ်ပြန့်သော နိုင်ငံရေးအင်အားစုများနှင့် ဆွေးနွေးဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ်သွားမည်ဟုလည်းထုတ်ပြန်သည်။
သို့သော်ဥပဒေမူကြမ်းကို ပြုစုမည့်အချိန်ကာလသတ်မှတ်ချက်ကို မသိရသေးပေ။
‘အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်း’မှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) ၏ အခန်း (၃) “အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ” တွင် ပါဝင်သော အဋ္ဌမအဆင့်ဖြစ်သည်။
