စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအား ယနေ့နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။
ယနေ့ (သြဂုတ် ၂၆ ရက်)နံနက် ၁၁နာရီခွဲခန့်က မြင်းမူမြို့အတွင်းရှိ ထွေအုပ်ရုံးအား ဒရုန်းဖြင့် ဗုံး နှစ်လုံးချ တိုက်ခိုက်သွားခြင်းဖြစ်ပြီး အနီးရှိ အထက်တန်းကျောင်းအတွင်းမှ စစ်ကောင်စီတပ်များက သေနတ်များဖြင့် ပစ်ဖောက်ခဲ့ကြကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။
တိုက်ခိုက်ခံရပြီးနောက် လူနာတင်ယာဥ်တစ်စီး ထွေအုပ်ရုံးအတွင်းသို့ ဝင်ရောက်သွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။
အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။
မုံရွာ – မန္တလေးလမ်းပေါ်ရှိ မြင်းမူမြို့နယ်သည် စစ်ကောင်စီအား ခုခံတော်လှန်မှု အားကောင်းရာဒေသတစ်ခုဖြစ်ပြီး အကြမ်းဖက်ယာဥ်များကိုလည်း မကြာခဏမိုင်းခွဲ တိုက်ခိုက်နေကြသည်။
