စစ်ကိုင်းတိုင်း ကလေးမြို့တွင် စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းတစ်ခုကို ယနေ့ နံနက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း Operation Mo Mo ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီစစ်ကြောင်းကို ကလေးမြို့ (၉)မိုင် စက်မှုဇုန်တံတားတွင် ယနေ့(သြဂုတ် ၂၆ရက်) နံနက် ၆နာရီ၄၅မိနစ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဗိုလ်တစ်ဦးအပါအဝင် သုံးဦးပွဲချင်းပြီးသေဆုံးကာ ၂၀ခန့် ဒဏ်ရာရရှိခဲ့ကြောင်း Operation Mo Mo က သတင်းထုတ်ပြန်သည်။
“Operation Mo Moက တိုက်ခိုက်တာ။ စစ်ခွေးတွေ စစ်ကြောင်းထိတာများတယ်”ဟု ကလေး PDF ရဲဘော်တစ်ဦးက ပြောသည်။
“Opretion MoMoနဲ့Yatu Project ထုတ်မိုင်းတွေကို လျော့မတွက်စေချင်ဘူးခေါင်းကြီးတို့။ကလေးမြို့တွင်း ခွေးတွေကို ငရဲပို့ပေးနေတဲ့ Team Mo Mo”ဟု PDF ကလေး၏ မိုင်းထုတ်လုပ်ရေးတပ်ဖွဲ့ကလည်း မှတ်ချက်ပေးထားသည်။
ယခုစစ်ဆင်ရေးကို PDFတပ်ဖွဲ့များ၏ မြို့ပြပျောက်ကျားအဖွဲ့ဖြစ်သည့် Operation Momoကဆောင်ရွက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
“Operation MO MO အဖွဲ့ရဲ့လှုပ်ရှားမှုတွေကို ကြိုက်ကြတယ်မလား၊ ပျော်ကြတယ်မလား… အဲ့လိုဆို လှုပ်ရှားနိုင်အောင် မူရင်း Page CB ကနေ သွားကူကြလှူကြ ပံ့ပိုးကြနော်”ဟု ကလေးမြို့လွှတ်တော်ကိုယ်စားလှယ်ဒေါ်သန့်ဝေကျော်က တိုက်တွန်းထားသည်။
Operation Mo Moသည် လူငယ်အများစု ပူးပေါင်းဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည်။
