လက်ရှိအချိန်သည် ကရင်နီ(ကယား)ပြည်နယ်အပါအဝင် အခြားသော တိုင်နှင့်ပြည်နယ်များ၌တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်၍ လက်နက်ခဲယမ်း ၊ဆေးဝါး၊ရိက္ခာများကို ပိုမိုထိရောက်စွာဖြင့် ကူညီလှူဒါန်းပေးရန် ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)က ယနေ့ (သြဂုတ် ၂၆ ရက်) တိုက်တွန်း ထုတ်ပြန်သည်။
စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးရဲဘော် PDF၊LDF များသည် လက်နက်ခဲယမ်း၊ဆေးဝါးနှင့် အစားအစာ ရရှိရေးအတွက် ပြည်တွင်း၊ပြည်ပ အလှူရှင်များကိုသာ အားကိုးနေရသည်ဟု ဆိုသည်။

ထို့အတူ KDF အနေဖြင့်လည်း အခြားသောတပ်ဖွဲ့များနည်းတူ စစ်အာဏာရှင်ပြုတ်ကျရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ကယား(ကရင်နီ)ပြည်နယ်၌ တိုက်ပွဲဝင်နေကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် တိုက်ပွဲကာလ ရှည်ကြာလာသည်နှင့်အမျှ ခဲယမ်းမီးကျောက်များ လိုအပ်လာသည်ဟု အသိပေးသည်။
အဆိုပါအခြေအနေများကြောင့် လက်နက်ခဲယမ်းနှင့် ဆေးဝါးလိုအပ်ချက်ကို ပြန်လည်ဖြည့်ဆည်းပေးရန် KDFက တောင်းဆိုသည်။
“ဒီမိုးရာသီ အကုန်မှာ ရန်သူ(အကြမ်းဖက်စစ် ကောင်စီဘက်)က ဒီထက်ပိုအရှိန်မြှင့်လာလိမ့်မယ်လို့ သုံးသပ်တယ်။အခုတောင်သူတို့က နယ်မြေအချို့ကို စတင် စီးနင်းနေတယ်။ဒါကိုလည်း ကျွန်တော်တို့ လောလောလတ်လတ် ခုခံနေတယ်”ဟု KDF ပါဝင်ဖွဲ့စည်းထားသည့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ကင်းထောက်အခြေအနေအရ ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီက အလုံးစုံ ထိန်းချုပ်နိုင်ရေးအတွက် အင်အား ၆၀၀ခန့်ရှိ စစ်အင်အားအပါအဝင် အတွဲလိုက်ဒုံးများကို ဖြည့်တင်းလျှက်ရှိသည်ဟု ၎င်းက ဆိုသည်။
