ဒီဇယ်တစ်လီတာလျှင်ကျပ် ၃၃၀၀ ကျော်
ဒေါ်လာဝယ်ယူသည့် စက်သုံးဆီနှင့်စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများ၏ စာရင်းနှင့် ပမာဏကို ယနေ့(ဩဂုတ် ၂၆ ရက်)နောက်ဆုံးထားပေးရမည်ဟု စစ်ကောင်စီဗဟိုဘဏ်ကတောင်းခံလိုက်သည်။
ဈေးကွက်အတွင်း ဒီဇယ်တစ်လီတာလျှင်၃၃၀၀ကျပ်ကျော်အထိ့ဈေးတက်လာပြီး ၊ဒေါ်လာဈေးမှာလည်းတစ်ဒေါ်လာလည်းကျပ်၃,၁၀၀ကျော်အထိမြင့်တက်လာချိန်တွင်စစ်ကောင်စီက စက်သုံးဆီနှင့် စားအုန်းဆီတင်သွင်းသောကုမ္ပဏီများ၏စာရင်းများကိုယခုကဲ့သို့တောင်းခံလာခြင်းဖြစ်သည်။
စစ်ကောင်စီက ပို့ကုန်ကုမ္ပဏီများထံမှ ဒေါ်လာဝယ်ယူခဲ့သည့် စက်သုံးဆီနှင့်စားသုံးဆီကုမ္ပဏီများ၏စာရင်းနှင့်ဝယ်ယူသောငွေပမာဏာများကို ယနေ့(သြဂုတ် ၂၆)ညနေ ၅ နာရီနောက်ဆုံးထား၍ စစ်ကောင်စီ၏ဗဟိုဘဏ်ကို တင်ပြရမည်ဟုဆိုသည်။ ထိုအပြင်ဩဂုတ် ၂၉ ရက်မှစ၍နေ့စဉ်တင်ပြပေးရမည်ဟုလည်းစစ်ကောင်စီကဖိအားပေးထားသည်။

စစ်ကောင်စီက ပို့ကုန်ကုမ္ပဏီများ၏ ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို ပြည်တွင်း၌ ရောင်းခွင့်ပြုသည်ဟုကြေညာထားသည်။ ပို့ကုန်ကုမ္ပဏီများက ရောင်းချနိုင်သူများအနက်မှ စက်သုံးဆီနှင့်စားသုံးဆီကုမ္ပဏီများ၏ စာရင်းကို စစ်ကောင်စီက တောင်းခံနေခြင်းဖြစ်သည်။
“ဒါစက်သုံးဆီဈေးကွက်ကို ထိန်းချုပ်ချင်လို့ လုပ်နေတာ။ အခုက စားဆီနဲ့ စက်သုံးဆီကအကြီးအကျယ်ပြသာနာတက်နေတယ်။ ဒါကို ထိန်းချုပ်လို့ရမလား လုပ်နေကြတာ။”ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။

လက်ရှိတွင် ပြည်တွင်းဈေးကွက်တွင်စက်သုံးဆီဈေးမြင့်တက်နေပြီး ယနေ့တွင် ဓာတ်ဆီအောက်တိန်း ၉၂ တစ်လီတာလျှင် ၂၄၉၅ ကျပ်၊ အောက်တိန်း ၉၅တစ်လီတာလျှင် ၂၅၇၀ကျပ် ၊ ဒီဇယ်တစ်လီတာလျှင် ၃၂၂၅ ကျပ် နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၃၃၀၅ ကျပ်အထိမြင့်တက်လာသည်။
စစ်ကောင်စီက တစ်ဒေါ်လာကို ကျပ် ၂၁၀၀ သတ်မှတ်ထားသော်လည်း ဈေးကွက်အတွင်း တစ်ဒေါ်လာလျှင် ၃,၁၀၀ကျပ်အထိမြင့်တက်နေသည်ဟု ငွေလဲလုပ်ငန်းရှင်များကပြောသည်။
