စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော မူးကမ်းကြီးကျေးရွာရှိ မီးဘေးသင့် ပြည်သူများထံသို့ ခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု(KURDAF)က သွားရောက်လှူဒါန်းခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက်က ဒီပဲယင်းမြို့နယ် ၊ မူးကမ်းကြီး ကျေးရွာသို့ ဗမာ့လွတ်လပ်ရေးတပ်ဖွဲ့(ဒီပဲယင်း)-BIA မှ တဆင့် ခင်ဦးနယ်ဒေသခံကာကွယ်ရေးမဟာမိတ်အင်အားစု (KURDAF)က မီးဘေးသင့်ပြည်သူများအတွက် အလှူငွေ ကျပ် ၁၀သိန်းတိတိ ပေးပို့ခဲ့သည်။
မူးကမ်းကြီးရွာ လက်တလောလိုအပ်မှူအခြေအနေနှင့် ပတ်သက်၍ KURDAF တာဝန်ရှိသူက “အစားအသောက်အတွက် အဓိက ဆန်လိုအပ်တာပါပဲ။”ဟု ပြောသည်။




မူးကမ်းကြီးကျေးရွာသည် အိမ်ခြေ ၈၀၀ နှင့် ၁,၀၀၀ကြားရှိသော ကျေးရွာကြီး တစ်ရွာဖြစ်သည်။ စစ်ကောင်စီသည် မူးကမ်းကြီးနှင့် ဒီပဲယင်းနယ်ကို အကြိမ်ကြိမ် စစ်ကြောင်းထိုးခဲ့သည်။
မူးကမ်းကြီးသည် ဒုတိယ အကြိမ်မြောက် မီးရှို့ခံရခြင်းဖြစ်ပြီး အိမ်ခြေစုစုပေါင်း ၅၄၁ အိမ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဒီပဲယင်းမြိုနယ်အတွင်းရှိ မီးဘေးသင့်ပြည်သူများအတွက် ကူညီလိုပါက ဗမာ့လွတ်လပ်ရေးတပ်ဖွဲ့(ဒီပဲယင်း)-BIA မှ တဆင့်ကူညီနိုင်ပြီး KURDAF ထံ မှလည်း ကူညီနိုင်ကြောင်း KURDAFက အသိပေးသည်။


ခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF) သည် ဩဂုတ် ၅ရက်ကလည်း ကန့်ဘလူမြို့နယ် ၊ ကျီစုကျေးရွာသို့ ကျပ် ၁၂သိန်း တန်ဖိုးရှိ ပစ္စည်းများကို မိဘပြည်သူများ ထည့်ဝင်သော အလှူငွေများဖြင့် ပူးပေါင်းပြီး ပေးပို့နိုင်ခဲ့သည်။
ထို့အပြင် လိုအပ်နေသော မြို့နယ်များကို ပေးပို့ဆောင်ရွက်နေလျက်ရှိပြီး စစ်ဘေးရှောင် ၊ မီးဘေး ဒုက္ခသည်များကို လှူဒါန်းလိုပါက KURDAF NUGPay (kurdaf*nugpay.app) အကောင့်ကို လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။
