စစ်ကောင်စီတပ်သား သုံးဦးသေဟုဆို
ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့တွင် စစ်ကောင်စီဝင်များ တပ်စွဲထားသည့် မီးသတ်ရုံးနှင့် လုံခြုံရေးချထားသော ဘန်ကာအား ယနေ့ (သြဂုတ် ၂၅) နံနက်အစောပိုင်းက နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အထူးစစ်ဆင်ရေးအဖွဲ့ (S.O.F) က ထုတ်ပြန်သည်။
ယနေ့ နံနက် ၄နာရီကျော်တွင် ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့ရှိ စစ်ရေးပစ်မှတ်ဖြစ်သော စစ်ကောင်စီဝင် ၂၀ဦးခန့် တပ်စွဲထားသည့် မီးသတ်ရုံးနှင့် လုံခြုံရေးချထားသော ဘန်ကာအား M-16 ရိုင်ဖယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရှေ့ထွက်မိုင်းတစ်လုံးဖြင့် အနီးကပ် ထပ်မံဖောက်ခွဲခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦး ကျည်ထိမှန် သေဆုံးသည်ဟု မြေပြင်သတင်း ပေးပို့မှုအရ သိရကြောင်း S.O.F က ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုသည် တောင်ပိုင်းစစ်ဒေသ၏ ‘နန်းထိုက်အောင်’ မြို့ပြစစ်ဆင်ရေးစီမံချက် အကောင်အထည်ဖော်မှု ဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဥ်အပြီး၌ တွံတေး-ဒလ လမ်းဆုံနှင့် ဒလဆိပ်ကမ်း တံတားပေါ်တို့တွင် စစ်ကောင်စီ ဝင် အများအပြား စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
” မနက်က မီးသတ်ရုံး ရှေ့မှာ တပ်စွဲထားတဲ့ စစ်သားတွေ အပစ်ခံရတယ်လို့ သိရတယ်။ မနက် အစောကြီး ဖြစ်သွားတာ ဆိုတော့ သေချာတော့ မသိလိုက်ပါဘူး။ ဒီနေ့ တစ်နေ့လုံးတော့ တွံတေးမှာ စစ်ကားတွေ အများကြီး တစ်မြို့လုံးနီးပါး ပတ်နေပါတယ် “ဟု တွံတေးမြို့ခံ တစ်ဦးက ပြောသည်။
အဆိုပါ စစ်ဆင်ရေးအား ရန်ကုန်စစ်ဆင်ရေးဧရိယာ ( ၆ )အခြေပြု S.O.F Squad – 3 (THIRD SQUAD) မှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးမှတ်တမ်းနှင့် အချက်အလက်များအားလုံခြုံရေး အခြေအနေအရ အလျင်းသင့်သလို ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်ကြောင်းလည်း အသိပေးခဲ့သည်။
