စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ရှိခဲ့သည်ဟု Banmauk Revolution(BR)က ဖော်ပြသည်။
ဩဂုတ် ၂၄ရက်ရက်တွင် ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဗန်းမောက်နှင့် နားယကာရွာ အကြား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ယနေ့ ညနေပိုင်းတွင် ဗန်းမောက်မြို့ အထက်တန်းကျောင်းရှိ ဘောလုံးကွင်းသို့ စစ်ကောင်စီတပ်မှ ရဟတ်ယာဉ် တစ်စီးဆင်းလာကြောင်း၊ အဝတ်ဖြူအုပ်ထားသည့် အလောင်းလေးလောင်းကို ယင်းရဟတ်ယာဉ်ဖြင့် ပြန်သယ်သွားသည်ကို မျက်မြင်သက်သေများက ပြောကြားကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်အနေဖြင့် အောက်ခြေစစ်သည်များ သေဆုံးပါက အလောင်းကိုဖြစ်သလို လုပ်ဆောင်လေ့ရှိ၍ ယခု ရဟတ်ယာဉ်ဖြင့် လာသယ်သည့် အလောင်းသည် အရာရှိဖြစ်နိုင်ကြောင်း ခန့်မှန်းဖော်ပြထားသည်။
ရဟတ်ယာဉ်ပေါ်မှလက်နက်ခဲယမ်းများ ချထားခဲ့ပြီး မြို့ထဲသို့ဆိုင်ကယ်ဖြင့် သယ်သွားသည်ဟု Banmauk Revolutionက ဖော်ပြသည်။
