အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)သည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးမဟာဗျူဟာ(မူကြမ်း)ကို ဆွေးနွေးနေကြောင်း ယနေ့ ထုတ်ပြန်သည်။
အဆိုပါ မဟာဗျူဟာ(မူကြမ်း)ကို စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး မဟာဗျူဟာရေးဆွဲမှု ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (JCC-Strategy)က တင်ပြပြုစုခြင်းဖြစ်ပြီး အတည်ပြုနိုင်ရန် ဆွေးနွေးနေခြင်းဖြစ်သည်။
ယင်းမဟာဗျူဟာ(မူကြမ်း)ကို မည်သည့်အချိန်တွင် အတည်ပြုနိုင်မည်ဆိုသည်ကို NUCC က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
‘အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မဟာဗျူဟာချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း’မှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) ၏ အခန်း (၃) ဖြစ်သည့် ‘အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ’ တွင် ပါဝင်သော သတ္တမအဆင့်ဖြစ်သည်။
ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်ကိုအခြေခံ၍ မဟာဗျူဟာမူကြမ်းရေးဆွဲတင်ပြရန်နှင့် မဟာဗျူဟာ လေ့လာဆန်းစစ်မှုများနှင့် စောင့်ကြည့်သုံးသပ်မှုများအား စဉ်ဆက်မပြတ် ပြုလုပ်ရန် ရည်ရွက်ချက်ဖြင့် အထက်ပါကော်မတီ JCC-Strategy ကို ၂၀၂၁ အောက်တိုဘာလ (၂၂) ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
