ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့ရှိ စစ်ကောင်စီတပ်၏ စစ်ဗျူဟာတပ်ရင်း၏ ရေစုပ်စက်မော်တာကို လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် (BPDF)က ယနေ့(သြဂုတ် ၂၅ ရက်) ထုတ်ပြန်သည်။
ယခုလ ၂၂ ရက် နံနက် ၉ နာရီခန့်ကဖျက်ဆီးခဲ့သည့် စစ်ဗျူဟာတပ်ရင်း၏ ရေစုပ်စက်မော်တာသည် ဘောလခဲ မြို့ရှိ စစ်ကောင်စီတပ်ရင်းများအတွက် သောက်သုံးရေ အဓိကအားထားနေရသည်ဟု ဆိုသည်။
ထို့အပြင် ရေစုပ်စက်မော်တာအနီးရှိ လုံခြုံရေးယူပေးလျက်ရှိသော စစ်ကောင်စီတပ်သားတစ်ဦးကိုလည်း စနိုက်ပါ(Sniper)ဖြင့် ပစ်ခတ်ရှင်းလင်းရာသေဆုံးခဲ့ကြောင်း ဖော်ပြသည်။
စစ်ကောင်စီဘက်က လက်နက်ကြီး၊လက်နက်ငယ်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ကြောင်း BPDF က ပြောသည်။
တိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်က ရေစုပ်စက်မော်တာကြီး တစ်လုံး ပျက်စီးဆုံးရှုံးခြင်း၊စစ်ကောင်စီတပ်သားဦးသေဆုံးခြင်းနှင့်အခြား ထိခိုက်ဒဏ်ရာရရှိမှုများစွာလည်းဖြစ်စေခဲ့သည်ဟု ဆိုသည်။
ဘောလခဲပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများနှင့် စစ်ကောင်စီတပ်များအခြေစိုက်လျက်ရှိသော နေရာဝန်းကျင်များအား ရှောင်ကျဉ်သွားလာပေးရန် BPDFက တိုက်တွန်းသည်။
