စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းတွင် သံဖိုကျေးရွာကို ချီတက်လာသည့် စစ်ကောင်စီတပ် ဒေသခံကာကွယ်ရေးတပ်များနှင့် ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ခံရ၍ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးကြောင်း CDF(KKG)က သတင်းထုတ်ပြန်သည်။
ရန်ကြီးအောင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် သံဖိုရွာကျေးကို ဩဂုတ် ၂၃ရက်က ချီတက်လာစဉ် CDF(KKG)ကင်းတပ်ဖွဲ့နှင့်တိုး၍ ယခုလိုပစ်ခံရခြင်းဖြစ်သည်။
နှစ်ပွင့်ဗိုလ်တစ်ဦး သေဆုံးခြင်းဖြစ်သည့်ဟု ဒေသခံများနှင့်စစ်တပ်အသိုင်းအဝိုင်းပြောဆိုကြသော်လည်း CDF(KKG)က အတည်မပြုနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် ဩဂုတ် ၂၄ ရက်က ရန်ကြီးအောင်ရွာကို ရဟတ်ယာဉ်ဖြင့်တပ်သား ၁၅ ဦးခန့်ပို့ဆောင်ခဲ့ပြီး အင်အားဖြည့်တင်းနေသည်ဟုလည်း CDF(KKG)က အသိပေးသည်။
ထိုပြင် ယနေ့နံနက်တွင်လည်း သံဖိုရွာအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အခုတော့ ရွာထဲမှ တယောက်မှ မရှိတော့ဘူး။ စစ်တပ်က ရွာထဲကို လက်နက်ကြီးနဲ့ မပတ်ထုနေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား သံဖိုရွာအနီးတွင် ဩဂုတ် ၂၂ ရက်ကတည်းပင် တိုက်ပွဲဖြစ်ပွားနေပြီး ထိုနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့သည်။
