စားဝတ်နေရေးအတွက် ဆိုးရွားစွာကြုံတွေ့နေဟုဆို
စစ်ကောင်စီက မီးရှို့ဖျက်ဆီးလိုက်သည့် ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာသို့ အနီးဝန်းကျင်မှ စစ်ဘေးရှောင်များ ထပ်မံရောက်ရှိလာ၍ မူးကမ်းကြီးအပါအဝင်ကျေးရွာ ၁၀ရွာမှ ဒေသခံများမှာ စားဝတ်နေရေး အခက်အခဲ ဆိုးရွားစွာကြုံနေရသည်ဟု ဒေသခံများက ပြောသည်။
မူးကမ်းကြီးရွာကို စစ်ကောင်စီက သြဂုတ် ၁၀ရက်တွင် မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့နောက်ပိုင်းတွင်စစ်ကောင်စီက ဘေးပတ်ဝန်းကျင်ရွာများကို ဆက်လက်စစ်ကြောင်းထိုးနေရာ စစ်ဘေးရှောင်သူဦးရေ များပြားလာခြင်းဖြစ်သည်။
” အရင်တုန်းကလည်း အဲ့လိုပြေးလာကြပေမယ့် အခုက ကျွန်တော်တို့ ရွာကိုယ်တိုင်က မီးဘေးသင့်နေတော့ အခြေအနေက အရမ်းဆိုးတယ်။ဖြစ်သလို လက်သင့်ခံထားရပြီး ကျွေးမွေးနေရတယ်”ဟု မူးကမ်းကြီးရွာ စစ်ဘေးရှောင်ကူညီရေးကော်မတီဝင်တစ်ဦးက ပြောသည်။
မူးကမ်းကြီးရွာသို့ ထန်းတောကုန်း၊ ဥသျှစ်ကုန်းရွာအပါအဝင် ကျေးရွာ ၁၀ရွာခန့်မှ လူဦးရေး တစ်ထောင်ကျော် လာရောက် တိမ်းရှောင်နေခြင်း ဖြစ်သည်။လူဦးရေ နှစ်ရာခန့်ခိုလှုံနေသော ကယ်ဆယ်ရေးစခန်းတစ်ခုတွင် တစ်ရက်လျှင် ဆန်သုံးတင်း ချက်ပေးနေရပြီး စုစုပေါင်း လူဦးရေး တစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာများလိုအပ်နေသည်ဟု ဆိုသည်။
“စစ်အာဏာရှင်တော်လှန်ရေးအတွက် ကြိုးစားကြရင်း အခုလိုတွေ ရင်ဆိုင်နေကြတာ။ အားလုံးအတူတူဖြတ်ကျော်ချင်ပါတယ်။ ကျွန်တော်တို့ကိုလည်း နိုင်သလောက်လေး ဆက်သွယ်ကူညီပေးကြပါ” ဟု မူးကမ်းကြီးရွာ စစ်ဘေးရှောင်ကူညီရေးကော်မတီဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာများကို ဆက်လက်စစ်ကြောင်းထိုးနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နည်းမျိုးစုံ တုန့်ပြန်တိုက်ခိုက်နေသည်။
