ငွေလွဲနှင့်ငွေထုတ်သူများကို လျှို့ဝှက်ဓာတ်ပုံရိုက်ထားရမည်ဟုသော စစ်ကောင်စီဗဟိုဘဏ်၏ ညွန့်ကြားချက် ကြောင့် မိုဘိုင်းဖုန်းသုံး ငွေလွှဲ/ငွေထုတ်သူများမရှိတော့ကြောင်း မိုဘိုင်းငွေလွှဲလုပ်ငန်းကိုယ်စားလှယ်များကပြောသည်။
စစ်ကောင်စီဗဟိုဘဏ်ကဩဂုတ် ၁၅ရက်စတင်ပြီးမိုဘိုင်းဖုန်းသုံးငွေလွှဲရာတွင် ငွေလွှဲသူနှင့်ငွေလွှဲထုတ်သူများကို လျှို့ဝှက်ဓာတ်ပုံရိုက်ထားခြင်း၊ CCTVဖြင့်စောင့်ကြည့်ခိုင်းခြင်းနှင့် ကိုယ်ရေးအချက်အလက်များအပြည့်အစုံ တောင်းယူခိုင်းခြင်းတို့ကြောင့် ငွေလွှဲ/ငွေထုတ်သူများမရှိသလောက်နည်းပါးသွားရခြင်းဖြစ်သည်ဟု ကိုယ်စားလှယ်များကပြောသည်။
အထူးသဖြင့် မြန်မာပြည် ငွေလွှဲလုပ်ငန်းတွင် လူသုံးအများဆုံးနှင့် အသုံးပြုရလွယ်ကူသည့် Wave Money ကိုပင် ငွေလွှဲမည့်သူမရှိတော့ခြင်းကြောင်းကိုယ်စားလှယ်များကဆက်ပြောသည်။ အခြားငွေလွဲလုပ်ငန်းများလည်း ငွေသွင်းငွေထုတ်မရှိသလောက်ဖြစ်နေပြီးကိုယ်စာလှယ်များအခက်တွေ့နေကြောင်း၎င်းတို့ကပြောသည်။
“အခုက လောင်းကစားဂိမ်းဆော့တဲ့သူတွေလောက်ပဲ လာပြီး ငွေဖြည့်ကြတော့တယ်၊ ငွေလွဲတာ၊ငွေထုတ်တာ မလုပ်ကြတော့ဘူး”ဟု ရန်ကုန်မြို့ရှိ ကိုယ်စားလှယ်တစ်ဦးကပြောသည်။
ယခင်က တစ်ရက်လျှင်ကျပ်ဆယ်သိန်းကျော်အထက်ငွေလွှဲနေရသည် ကိုယ်စားလှယ်ကပင် လက်ရှိအချိန်တွင် တစ်ရက်လျှင်တကြိမ်ပင် ငွေမလွှဲရတော့ကြောင်း ရန်ကုန်မြို့မှ အခြားမိုဘိုင်းငွေလဲလုပ်ငန်းကိုယ်စားလှယ်က ပြောသည်။
“သုံးဆွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာကို ချိုးဖောက်ခိုင်းတော့ ဘယ်သူက သုံးတော့မှာလဲ။ ဓာတ်ပုံရိုက်ရင်လည်း အေးဂျင့်တွေ အထိုးခံရမလား၊ ပါးရိုက်ခံရမလား တွေးနေရတယ်” ဟု မိုဘိုင်းငွေလွှဲလုပ်ငန်းဆောင်ရွက်နေသည့်ကိုယ်စားလှယ်တစ်ဦးကပြောသည်။
ထိုသို့ပြုလုပ်ခြင်းသည်နွေဦးတော်လှန်ရေးအတွက်ငွေကြေးထောက်ပံ့မည်ကိုစစ်ကောင်စီကအကြောက်တရားဖြင့်ကာကွယ်ခြင်းဖြစ်နိုင်ပြီး မိုဘိုင်းငွေလွဲလုပ်ငန်းများအချင်းချင်းတိုက်ခိုက်ရန် ဆောင်ရွက်ခြင်းလည်းဖြစ်နိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
“Wave moneyက လူသုံးလည်းများတယ်။သုံးရတာလွယ်ကူတော့စစ်ကောင်စီနဲ့ပေါင်းနေတဲ့ သူဌေးတွေက Wave ကို telenor လိုဘဲ ထွက်သွားစေချင်တယ်။ သူတို့ မိုဘိုင်းအပ်ပလီကေးရှင်းတွေကို သုံးစေချင်တယ်။ ဒါကြောင့် အခုလိုပေါက်ကရအမိန့်တွေ ထုတ်ပေးတာလို့မြင်တယ်”ဟုအထက်ပါလုပ်ငန်းရှင်ကပြောသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းသုံး ငွေလွဲလုပ်ငန်းကို ရိုးမကုမ္ပဏီ၏ Wave Money ၊KBZဘဏ်လုပ်ငန်း၏ Kpay၊ True Money စသည့်တို့က ဦးဆောင်နေခြင်းဖြစ်သည်။
