စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် ယနေ့နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ တပ်ယာဥ်တန်းအား ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က သတင်းထုတ်ပြန်သည်။
ယနေ့(သြဂုတ် ၂၄ ရက်) နံနက် ၄နာရီ ၁၅မိနစ်အချိန်က စစ်ကိုင်းမှ မုံရွာမြို့ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီယာဥ်တန်းအား မြင်းမူမြို့ရှောင်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဥ်တန်းအား ပဒေသာမိုင်း(၅)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ယာဉ်တန်း၏ နောက်ဆုံးယာဉ်မှ ာမိုင်းကွင်းနှင့် မလှမ်းမကမ်းတွင် ထိုးရပ်သွားခဲ့ပြီး သေဆုံးဒဏ်ရာရရှိသူအများအပြားရှိကြောင်း၊ အတည်ပြုနိုင်ရန်စုံစမ်းနေဆဲဟု ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၎င်းတိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ ZERO Power တော်လှန်ရေးအင်အားစု (စစ်ကိုင်းတိုင်း)၊ နွေဦးရဲဘော် အဖွဲ့များက ” တောကျီးကန်း စစ်ဆင်ရေး” အား ဂုဏ်ပြုတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)တာဝန်ရှိသူက “ကားပေါင်းစုံ အစီးနှစ်ဆယ်လောက် ရှိမယ်ထင်တယ်။ ဆယ်ဘီးတွေကော ဆယ့်နှစ်ဘီးတွေကော ရှုပ်ယှက်ခက်နေတာပဲ။ နောက်ဆုံး မိုးအကာအစိမ်းအုပ်ထားတဲ့ ကန်တာကားကို ခွဲလိုက်နိုင်တာ။ အချိန်ကလည်း လင့်နေတဲ့အခါ သတင်းရတာလည်းနောက်ကျတော့ အားချင်းလုပ်လိုက်ရတော့ နောက်ဆုံးကားတစ်စီးပဲ လုပ်လိုက်နိုင်တယ်။ ထိခိုက်ပျက်စီးမှုက ရှိတယ်။ မိုင်းကွင်းနဲ့ မလှမ်းမကမ်းမှာ ကားကထိုးရပ်သွားတာ။ ထိုးရပ်ပြီး အိစိအိစိနဲ့ပဲ သူတို့မောင်းသွားရတာ။ ဆွဲပြီးတော့ ကလေးတွေကလည်း ပြန်ရှောင်လာရတာ။ အမှောင်လည်း အမှောင်ထဲမှာဆိုတော့။”ဟု ပြောကြားသည်။
မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ယာဥ်တန်းများ ဖြတ်သန်းသွားတိုင်း လမ်းတစ်လျှောက်ရှိ ဒေသတွင်း PDFအဖွဲ့များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။
