စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အောင်ချမ်းသာရွာရှိစစ်ကောင်စီတပ်အား ကန့်ဘလူနယ်စပ်တိုက်ပွဲသို့ စစ်ကူပို့ချိန် ၎င်းတို့ဖမ်းဆီးခေါ်ဆောင်ထားသည့် ပြည်သူ၆၀ကျော်အား ဒေသတွင်း PDFများက ကယ်ထုတ်နိုင်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (သြဂုတ်လ ၂၃ ရက်နေ့)နံနက်ပိုင်းက ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်းနယ်စပ်တွင် ဒေသတွင်း PDFများနှင့် အကြမ်းဖက်စစ်တပ်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့သည်။
ထိုတိုက်ပွဲသို့ စစ်တပ်သည်တန့်ဆည်မြို့နယ် အောင်ချမ်းသာရွာရှိ စစ်ကောင်စီတပ်များအား စစ်ကူပို့ခဲ့သည်။ ထိုအချိန်တွင် အောင်ချမ်းသာရွာ၌ အကြမ်းဖက်စစ်တပ်နှင့်အတူ ကျန်နေခဲ့သည့် ဓါးစာခံဖမ်းဆီးခေါ်ဆောင်ထားသော ပြည်သူပေါင်း ၆၀ ကျော်ကို ပြည်သူ့ရဲဘော်များက ကယ်ထုတ်နိုင်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းများဖော်ပြပေးနေသော Infinity Group ကအသိပေးထားသည်။
ဓါးစာခံဖမ်းဆီးခံထားရသူများတွင် ဒီပဲယင်း၊အရာတော်၊ခင်ဦး၊ရေဦး၊တန့်ဆည် နယ်ပေါင်းစုံမှ ကျား၊မ အရွယ်စုံ ၆၀ ကျော်ပါရှိကြောင်း သိရသည်။
ထိုဖြစ်စဥ်နှင့်ပတ်သက်၍ တန့်ဆည်နယ်သားတစ်ဦးက ” ကန့်ဘလူဘက်က လက်နက်တွေရလိုက်သလို ငါတို့ တန့်ဆည်ဘက်ကလဲ ပြည်သူတွေ ၆၀ ကျော် ပြန်ရလိုက်တယ်ကွ။ဒီနေ့လောက် ပျော်စရာကောင်းတဲ့နေ့ မရှိသေးဘူးကွာ။ “ဟု Infinity Group သို့ဖြေကြားထားသည်။
ဖမ်းဆီးခံထားရသူများသည် အကြမ်းဖက်စစ်ကောင်စီတပ်နောက် လိုက်နေရသည်မှာ တစ်လခွဲခန့်ကြာပြီဟုလည်း သိရသည်။
ထိုဖြစ်စဥ်နှင့် ပတ်သက်၍ တန့်ဆည်ဒေသတွင်း အဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
ကန့်ဘလူနယ်စပ်တိုက်ပွဲတွင်လည်း အကြမ်းဖက်စစ်သား၄၀ကျော်သေဆုံးပြီး စစ်ဗိုလ်သုံးဦး ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ကန့်ဘလူခရိုင်တပ်ရင်း၂က အသိပေးထားသည်။
