စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ်ကြိမ်တိုက်ခိုက်၊ နှစ်ဖက်ထိခိုက်ကျဆုံးရှိဟုဆို
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြ၀တီ – ဝေါ်လေ လမ်း သုံးထပ်ကွေ့နှင့်အနီး တဝိုက်တွင် ယနေ့ တိုက်ပွဲများ ပြင်းထန်နေပြီး ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ် နှစ်ဖက်လုံး ထိခိုက်ကျဆုံးရှိနေကြောင်း ဒေသခံအချို့က ပြောသည်။
အဆိုပါဒေသ၌ လွန်ခဲ့သည့် ၂လကျော်ကတည်းက တိုက်ပွဲများ ဖြစ်ပွားနေပြီး ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
“ဒေါနအရှေ့ခြမ်းဖြစ်တဲ့ သုံးထပ်ကွေ့တောက်လျှောက်ပေါ့။ နှစ်နေရာလောက် တိုက်ပွဲဖြစ်နေတယ်။ အပေါ်မှာ တော်တော်လေးတော့ ပစ်ကြတယ်။ လေယာဉ်က တစ်နေကုန်ပဲ ပစ်ကြတယ်။ စောစောကလည်း လေယာဉ်က ပစ်တာကို သိရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က ထိခိုက်ကျဆုံးမှုရှိကြောင်း သတင်းကြားရသော်လည်း အတိအကျ မသိရသေးဟု ၎င်းက ဆိုသည်။
အခြားသတင်းရင်းမြစ်တစ်ဦးကလည်း စစ်ကောင်စီတပ်က ကော်ဘရာ စစ်ကြောင်းရှိရာသို့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ကော်ဘရာစစ်သည်အချို့ ကျဆုံးမှုရှိသည်ဟု ဆိုသည်။
“သူတို့ သတင်းထုတ်ပြန်ပါလိမ့်မယ်။ အခုတော့ စစ်ကူတွေလိုက်သွားကြပြီ။ လမ်းကနေ ဖြတ်တိုက်ကြလိမ့်မယ်”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တိုက်ပွဲ ဖြစ်စဉ်နှင့်ပတ်သက်ပြီးမေးမြန်းရန် KNU သတင်းရင်းမြစ်အချို့နှင့် ကော်ဘရာ စစ်ကြောင်း တာဝန်ရှိသူ အချို့ထံ ဆက်သွယ်နေဆဲဖြစ်သည်။
