စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့၍ အိမ်ပေါင်း ၃၀ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (သြဂုတ် ၂၂ရက်) ညနေ ၄ နာရီခန့်က စစ်ကောင်စီတပ်သည် ကောလင်း၊ ကျွန်းလှနှင့် ကန့်ဘလူမြို့နယ်စပ်ရှိ ညောင်ကုန်းရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၃၀ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးသည်။

ကား၊ မော်တော်ဆိုင်ကယ်များအပါအဝင် အခြားတန်ဖိုးကြီးပစ္စည်းများပါ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ယနေ့ (သြဂုတ် ၂၃ရက်) နံနက်၅နာရီခွဲခန့်တွင် အင်အား ၆၀ကျော်ပါ စစ်ကောင်စီတပ်သည် ညောင်ကုန်းရွာမှ အနောက်မြောက်ဘက်သို့ ထွက်ခွာသွားပြီး လက္ခုပင်ရွာအရှေ့ဘက်ခြမ်းရှိ တောတိုက်ဘက်၌ ရောက်ရှိနေကြောင်း၊ ကောလင်းနှင့် ကျွန်းလှမြို့နယ်စပ် ကျေးရွာများ သတိထားသွားလာကြရန် ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က သတိပေးသည်။


စစ်ကောင်စီတပ်သည် သြဂုတ် ၁၇ ရက်ကလည်း ကန့်ဘလူမြို့နယ်မြောက်ခြမ်းရှိ ပင့်သာရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ် ၂၈လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
