ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ကို စစ်ကောင်စီတပ် ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ (ဩဂုတ် ၂၃ရက်) နံနက် ၈နာရီခွဲတွင် စစ်ရဟတ်ယာဉ်ဖြင့် နာရီဝက်ကြာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု အဆိုပါဒေသသို့ ရောက်ရှိနေသူတစ်ဦးက ပြောသည်။
တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးဒဏ်ရာရမှု အခြေအနေများကိုမူ မသိရသေးပေ။
ကျောက်ကြီးမြို့နယ်တွင် KNU လက်အောက်ခံတပ်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ တိုက်ပွဲများ ဖြစ်ပွားမှုတို့ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ပြည်သူလူထု အများအပြားရှိသည်။
စစ်ကောင်စီတပ်သည် ဩဂုတ် ၈ရက် နံနက်ပိုင်းကလည်း ကျောက်ကြီးမြို့နယ်သို့ ရဟတ်ယာဉ် ၂စီးဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲ၌ အထိနာပါက ရဟတ်ယာဉ် တိုက်လေယာဉ်များ အသုံးပြုတိုက်ခိုက်လေ့ရှိသည်။
ယခုရက်ပိုင်းအတွင်း ကျောက်ကြီးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု ရှိမရှိကို မသိရသေးဘဲ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
