ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ မြ၀တီ – ဝေါ်လေလမ်း၊ သုံးထပ်ကွေ့အနီးတွင် ယနေ့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ တစ်နေ့လုံး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ဒဏ်ရာရသူများပြားကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံတပ်များသည် မြဝတီ – ဝေါ်လေ လမ်းမ၊ သုံးထပ်ကွေ့အနီး ကော်ဘရာစစ်ကြောင်း လုံခြုံရေးတာဝန်ယူထားသော နေရာများသို့ ဩဂုတ် ၂၂ရက် နံနက် ၉နာရီခွဲမှစ၍ ထိုးစစ်ဆင်လာ၍ ညနေပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။


စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူအမြောက်အများသုံး၍ စစ်မျက်နှာများစွာ ဖွင့်လှစ်၍ ထိုးစစ်ဆင်နွဲခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ဒဏ်ရာရသူများပြားခဲ့ကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း ကော်ဘရာစစ်သည်တစ်ဦး ကျဆုံးခဲ့ရပြီး သုံးဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။
အဆိုပါဒေသတွင် ကော်ဘရာစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၂လနီးပါးကြာပြီဖြစ်သည်။
