စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ဒေသခံအမျိုးသမီး သုံးဦးက တော်လှန်ရေးအတွက်သုံးစွဲရန် ဝတ်ဆင်ထားသည့်နားကပ်အား ဒေသတွင်း PDFအဖွဲ့တစ်ဖွဲ့ထံ ချွတ်လှူခဲ့ကြောင်း Ayadaw Bone Naing PDF အဖွဲ့က ယနေ့(သြဂုတ် ၂၂ရက်) ထုတ်ပြန်သည်။
အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ကျေးရွာနေပြည်သူများမှာ အထုပ်အပိုးအသင့်ပြင်ကာ နေထိုင်နေရချိန်ဖြစ်ကြောင်း၊ လုပ်ငန်းများလည်းရပ်နားထားရပြီး စားဝတ်နေရေးခက်ခဲနေချိန် ယခုကဲ့သို့လှူဒါန်းမှုမှာ လေးစားဖွယ်ကောင်းကြောင်း Ayadaw Bone Naing PDF အဖွဲ့က အသိပေးသည်။

“တကယ်ကိုလေးစားမိပါတယ်။ ကျွန်တော်တို့ အရာတော်ဘက် ရွာတွေက ပြည်သူအများစုဟာလဲ ကျေးရွာတွေမီးရှို့ခံရ၊ စစ်ကြောင်းဘယ်အချိန်ထိုးမလဲဆိုပြီး အထုပ်အပိုးအသင့်နဲ့ နေကြရတာပါ။ဘာစီးပွားရေးမှ မယ်မယ်ရရ စိတ်အေးလက်အေးမလုပ်နိုင်ကြတဲ့အချိန်မှာ ဝင်ငွေမရှိကြပါဘူး။စားဝတ်နေရေး ခက်ခဲနေချိန်မှာတောင် ခုလို နားက နားကပ်လေးဖြုတ်လှူတယ်ဆိုတာ တကယ်ကို တော်လှန်စိတ်၊ အောင်မြင်စိတ်၊ စစ်အာဏာရှင်စနစ်ကို မုန်းတီးတဲ့စိတ်နဲ့ပါ။ အညာဒေသ ပြည်သူများအတွက် ရွှေဆိုတာ ရှိ တန်ဆာ၊ မရှိ ဝမ်းစာဆိုပြီး ဆောင်ထားကြသူတွေပါ။ခုချိန် ဝမ်းစာအတွက်ပါ မတွေးဘဲ တော်လှန်ရေးအတွက် လှူဒါန်းပါသော ပြည်သူ(၃)ဦးရဲ့ လှူဒါန်းမှုများနဲ့ ထိုက်တန်အောင် ကြိုးစားတိုက်ခိုက်တော်လှန်သွားပါမယ်။”ဟုAyadaw Bone Naing PDF အဖွဲ့က ကတိပြုပြောကြားသည်။
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတော်လှန်နေသော ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ဒေသခံများက လက်ဝတ်လက်စားများ လှူဒါန်းခဲ့ဖူးသည်။
