ပုလဲ နှင့် မြိုင်ဒေသအစပ်သို့ စစ်လေယာဥ်များဖြင့်အင်အားဖြည့်တင်နေသော စစ်ကောင်စီတပ်အားလက်ဦးမှုရယူတိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော် -PRA က ယနေ့(သြဂုတ် ၂၂ ရက်)တွင်ထုတ်ပြန်သည်။
သြဂုတ်လ ၂၀ ရက်မှစ၍ PRA၏လှုပ်ရှားနယ်မြေဖြစ်သောစစ်ကိုင်းတိုင်း ပုလဲမြို့နယ် နှင့် မကွေးတိုင်းမြိုင်မြို့နယ်အစပ်သို့စစ်ကောင်စီကလေယာဉ် (၄)စီးဖြင့်အင်အား ၁၀၀ ကျော်ချ၍ စစ်ကြောင်း ထိုးခဲ့သည်ဟု PRA ခေါင်းဆောင်ဗိုလ်ဂျပန်ကပြောသည်။

ယမန်နေ့(သြဂုတ် ၂၁ ရက်) နေ့လည် ၁ နာရီ မိနစ် ၄၀ ခန့်တွင် လေယာဥ်ပေါ်မှ ဆင်းလာသောစစ်ကောင်စီစစ်ကြောင်းကို လက်ဦးမှုယူ၍တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်သားတစ်ဦးသေကာနှစ်ဦးဒဏ်ရာအပြင်းအထန်ရရှိပြီး PRA မှ ရဲဘော်တစ်ဦးလည်း ဒါဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းအသိပေးထားသည်။
ပုလဲမြို့ နှင့် မြိုင်မြို့ နယ်အစပ်များမှကျေးရွာ၈ရွာထက်မနည်း စစ်ဘေးရှောင်နေရပြီး လူဦးရေ (၄,၀၀၀) ခန့် ကို ဆေး နှင့် စားစရာများ တတ်နိုင်သလောက် ကူညီပေးနေသည်ဟုလည်း PRA ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။
