ဒီးမော့ဆိုတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) – B19 မှ စနိုက်ပါတပ်သား ရဲဘော်ဒေးဗစ်၏ စျာပနအခမ်းအနားကို ယနေ့ (သြဂုတ် ၂၂) ပြုလုပ်ခဲ့သည်။
ရဲဘော်ဒေးဗစ်သည် ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်က ဒီးမော့ဆိုမြို့နယ် ခြေတော်ရာဘုရားတောင်အနီးတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရခြင်း ဖြစ်သည်။

ထို့ကြောင့် ယနေ့တွင် ရဲဘော်ဒေးဗစ်၏ ရုပ်အလောင်းကို မိသားစုဝင်များ၊ တပ်ရင်း -၁၉ မှ ရဲဘော်ဝင်များက မြေမြှုပ်သဂြိုလ်ပေးခဲ့ခြင်း ဖြစ်သည်။
ဖယ်ဒရယ်ဒီမိုကရေစီအရေးအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့သော ရဲဘော်ဒေးဗစ် အား အာဇာနည် သူရဲကောင်းအဖြစ် မှတ်တမ်းတင်အလေးပြုအပ်ကြောင်းလည်း KNDF -B19 က ထုတ်ပြန်ခဲ့သည်။



” ဒီမြင်ကွင်းကို ပြန်တွေးတိုင်းရင်ထဲဆို့နေတာပဲ။ နောက်ဆုံးခရီးမှာ မမြင်ရက်စရာဒဏ်ရာတွေကို မမြင်သာအောင် လုပ်ပေးတာကလွဲရင် ငါတို့တွေ တခြားမတတ်နိုင်ခဲ့ပါဘူး ရဲဘော်ရေ။ အေးအေးချမ်းချမ်း အနားယူပါ “ဟု ရဲဘော်တစ်ဦးက ကျဆုံးသူရဲကောင်း ဒေးဗစ်အတွက် ရေးသားဖော်ပြခဲ့သည်။
