ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ ထီးတော် ကူးရွာ နှင့် ထီးပေါ်ဆိုကျေးရွာအနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ထိခိုက်ဆုံးရှုံးမှုများရှိကြောင်း လွိုင်ကော် PDFက ယနေ့(သြဂုတ် ၂၂ ရက်) ထုတ်ပြန်သည်။
ထီးတော်ကူးရွာ နှင့် ထီးပေါ်ဆိုကျေးရွာ အနီးသို့ ယမန်နေ့က စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်ကောင်စီတပ်ကို လွိုင်ကော် PDF နှင့်အတူကရင်နီတပ်မတော်(KA) ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ၊ အလယ်ပိုင်းဒေသ အထူးစစ်ဆင်ရေးအဖွဲ့ နှင့် အလယ်ပိုင်းတိုင်း တပ်ရင်း (၁၁၀၁)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ညနေပိုင်းအချိန်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဖက်မှ ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့ပြီးတိကျသော အရေအတွက်များကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
မဟာမိတ်တပ်များမှလည်း ထိခိုက်ဒဏ်ရာရရှိမှု အချို့ရှိခဲ့ပြီး လွိုင်ကော် PDF မှ ရဲဘော်နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

ဒဏ်ရာပြင်းထန်မှုရှိပြီး ယခုအခါတွင် စနစ်တကျဆေးကုသမှုခံယူလျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ကရင်နီဒေသတွင် စစ်ကောင်စီတပ်က အင်အား တိုးမြှင့်၍ စစ်ကြောင်းများထိုးနေပြီး အထူးသဖြင့် ဒီးမော့ဆို နှင့် ဖရူဆိုမြို့နယ်တို့တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိသည်။
