စစ်ကောင်စီတပ်မတရားသိမ်းယူထားသော မြေ၁၈၅ဧကကျယ်ဝန်းသည့် ရွှေတိဂုံဘုရားနှင့်ကန်တော်ကြီး တဝိုက်မြေများကိုနွေဦးတော်လှန်ရေး အထိမ်းအမှတ်ဥယာဥ် – Spring Memorial Park အဖြစ်ဖော်ဆောင်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။
ရန်ကုန်မြို့လယ်တွင်ရှိသော ထိုစီမံကိန်းသည် Spring Yangon စီမံကိန်း၏ အစိတ်အပိုင်းတခုဖြစ်ပြီး စစ်တပ်နှင့်ဆက်နွယ်နေသည့် ခရိုနီများ မျက်စိကျနေသည့် နေရာများဖြစ်သည်ဟုလည်းဖော်ပြထားသည်။
ထိုနေရာတွင် ရွှေတိဂုံနှင့် ကန်တော်ကြီးကို သဘာဝရေမြေ ထိန်းသိမ်းပြီး စိမ်းလန်းမြေအဖြစ် အားကစားဇုံများ၊ပြည်သူ့အခမ်းအနားများ ကျင်းပမည့်နေရာအဖြစ် ဆောင်ရွက်သွားမည်ဟု NUG၏ Spring Yangon စီမံကိန်းဆောင်ရွက်နေသည် EODအဖွဲ့ကဆိုသည်။
Spring Memorial Parkဟုခေါ်သည့် “အနာဂတ်အတွက် အမှန်တရားကိုထုဆစ်ရင်း ကြွေလွင့်သွားသည့် ကြယ်များ၏ ဗိဗ္မာန်ကိုတည်ဆောက်သွားမည်”ဟုအသိပေးထားသည်။
ဖယ်ဒရယ်နိုင်ငံသစ်ဖော်ဆောင်ရင်း ကြွေလွင်ခဲ့သောသူရဲကောင်းများ၏အမည်နာမများကို ကြယ်ပွင့်တခုစီတွင်ရေးမည့် သူရဲကောင်း မော်ကွန်းနံရံ၊ နွေဦးတော်လှန်ရေးခရီးကြမ်း၏ အဆင့်တိုင်းကို ခင်းကျင်းပြသမည့် “နွေဦးတော်လှန်ရေး ပြတိုက်”၊ မှတ်တမ်းများ၊ တော်လှန်လက်နက်များ၊ အနုပညာလက်ရာများကိုလည်းပြသထားမည်ဟုဖော်ပြထားသည်။
Spring Memorial Parkသည် မြန်မာနိုင်ငံသားများသည် နွေဦးတော်လှန်ရေးကို ပါဝင်ခဲ့ပုံ သမိုင်းမှတ်တိုင်များကို အစအဆုံးတွေမြင့်စေရမည်ဟုလည်းကတိပြုထားသည်။
ထိုအပြင်ပါဝင်သင့်များကိုပြသနိုင်ရန်အတွက် ပြည်သူလူထုထံမှလည်း အကြံဉာဏ်များလည်းတောင်းခံသွားမည်ဟုထုတ်ပြန်သည်။
အာဏာရှင်အဆုံးသတ်နိဂုံး (EOD) စီမံကိန်း တတိယ အစီအစဉ် အဖြစ် “နွေဦးရန်ကုန် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်” Spring Yangon Investment ကို စတင်ပြီဖြစ်ကြောင်းNUG၏ ဩဂုတ် ၁၈ ရက်ထုတ်ပြန်ကြေညာခဲ့သည်။
ထိုစီမံကိန်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ အချက်အခြာကျသော ဧကထောင်နှင့်ချီသော မြေနေရာများ ပါဝင်မည်ဟုလည်းသိရသည်။ ထိုထဲတွင် စီမံကိန်း အမျိုးအစား ၃ ခု ပါဝင်ပြီး စိမ်းလန်းနယ်မြေနှင့် နွေဦးတော်လှန်ရေး အထိမ်းအမှတ်များ၊ တော်လှန်ရေးရန်ပုံငွေ အိမ်ယာစီမံကိန်းများနှင့် စီးပွါးရေးဆိုင်ရာ စီမံကိန်းများတို့ဖြစ်သည်။
EOD က အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်၏ အင်လျားလမ်းအိမ်၏အစုရှယ်ယာများကို ဒေါ်လာ ၁၀ သန်းဖြင့်ရောင်းချပြီးနောက် ၊ဒုတိယမြောက်ခြေလှမ်းအဖြစ် ရန်ကုန်ပြည်လမ်း ၆မိုင်ခွဲရှိ မင်းအောင်လှိုင်၏ အိမ်ကို ဒေါ်လာ ၇ သန်းသတ်မှတ်၍ အစုရှယ်ယာများရောင်းချနေရာ ဒေါ်လာ ၁ ဒသမ ၇ သန်းဝန်းကျင်းဖိုးရောင်းချပြီးဖြစ်သည်။
