မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းကို အနီးကပ်ဝင်တိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)က ထုတ်ပြန်သည်။
ယနေ့(သြဂုတ်၂၁ ရက်)၊နေ့လည် ၁၁နာရီ ၄၈ မိနစ်ခန့်တွင် မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းကို မြန်မာ့တော်ဝင်နဂါးတပ်တော် (ဆားလင်းကြီး)မှ Aung San Force အဖွဲ့နှင့် ပူးပေါင်း၍ မစ်ရှင်လုပ်ခဲ့သည်ဟု ဆိုသည်။

ကားဖြင့် စခန်းရှေ့ထိသွား၍ ဝါးတစ်ပြန်သာသာအကွာလောက်မှ အနီးကပ်ပစ်ခတ်မှုကြောင့်
ရဲစခန်းအတွင်းမှ စစ်ကောင်စီတပ်သားနှင့်ရဲ ငါးဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါ မစ်ရှစ်တွင် ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)မှ ပြည်သူ့ရဲဘော် နှစ်ဦးထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရခဲ့ပြီး ကျည်ဘောက် ၃ခု ကျကျန်ဆုံးရှုံးခဲ့ကြောင်း အသိပေးသည်။
ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) အနေဖြင့် ပုလဲ၊ ယင်းမာပင်၊ ဆားလင်း၊ ကနီနှင့် ပေါက် စသည့်မြို့နယ်များထိ စစ်ရေးလှုပ်ရှားလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
