အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ကွပ်မျက်မှုထပ်မံမကျူးလွန်ရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းမှ အစိုးရများ၊ အဖွဲ့အစည်းများကို အခိုင်အမာတောင်းဆိုကြောင်း ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ဦးဂျင်မီ၏ ဇနီးဖြစ်သူ ဒေါ်နီလာသိန်းက ယမန်နေ့တွင် ထုတ်ပြန်သည်။
ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားမှုကြောင့် စစ်အုပ်စု၏ လူမဆန်စွာ၊ ဥပဒေမဲ့သတ်ဖြတ်ခဲ့ရ သည့် ဦးဂျင်မီကဲ့သို့ အလားတူ မတရားသတ်ဖြတ်ခံရခြင်းများကို ထပ်မံမမြင်တွေ့လို၍ အကြမ်း ဖက်စစ်ကောင်စီကို ထိရောက်စွာ အရေးယူလုပ်ဆောင်ရန် ဒေါ်နီလာသိန်းက နိုင်ငံတကာကို တောင်းဆိုခြင်းဖြစ်သည်။
တရားမဝင်အာဏာသိမ်းမှုအပြီး မင်းအောင်လှိုင်ခေါင်းဆောင်သော စစ်ကောင်စီသည် ပြည်သူများစွာကို ဥပဒေမဲ့သတ်ဖြတ်ခဲ့ပြီး သေဒဏ်ပြစ်ဒဏ်ချမှတ်ခြင်းသည်လည်း ဥပဒေမဲ့လူ သတ်ခြင်းနှင့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းသာဖြစ်ကြောင်း ဒေါ်နီလာသိန်း၏ ထုတ်ပြန်ချက် ၌ ဖော်ပြသည်။
အကြမ်းဖက်စစ်ကောင်စီသည် ဦးဂျင်မီကို စတင်ဖမ်းဆီးခဲ့ချိန်မှစ၍ ကွပ်မျက်ချိန်အထိ မည်သည့် အကြောင်းအရာမှ မိသားစုကို ဆက်သွယ်အသိပေးခြင်းမရှိခဲ့ပေ။ ဦးဂျင်မီသည် မိသားစု၏ ထောင်တွေ့ခွင့်၊ ဆေးဝါးနှင့် အစားအသောက်လက်ခံခွင့်၊ ရှေ့နေထံမှ ဥပဒေအကာအကွယ် ကဲ့သို့သော နိုင်ငံရေးအကျဉ်းသားများရရှိမည့် မည်သည့်ရပိုင်ခွင့်ကိုမျှ မရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။
ထို့အပြင် ဦးဂျင်မီတို့ကို စစ်ဆေးသည့်တရားခွင်သည်လည်း တံခါးပိတ်ဖြစ်ကာ အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမျှ ကြားနာခွင့်မပေးခဲ့ပေ။
ဦးဂျင်မီတို့ကို မကွပ်မျက်ခင် တစ်ရက်အလိုမှသာ မိသားစုဝင်တစ်ဦးကို အွန်လိုင်း Zoom မှ မိနစ် ၂၀ ခန့်ကာ တွေ့ဆုံမှုပေးခဲ့ပြီး မည်သူတစ်ဦးတစ်ယောက်ကမျှ မည်သည့်အချိန်၊ မည်သည့်နေရာတွင် ကွပ်မျက်မည်ကို မိသားစုအား အသိပေးခဲ့ခြင်းမရှိပေ။
ထို့မျှမက အကြမ်းဖက်စစ်ကောင်စီသည် ကွက်မျက်ခြင်းကို သက်သေထူနိုင်သည့် ရုပ်အလောင်း သို့မဟုတ် မည်သည့်သက်သေကိုမျှ မိသားစုထံ ပြန်လည်ပေးအပ်ရန် ငြင်းဆိုခဲ့သည်။
ထို့အတွက် စစ်ကောင်စီသည် ၎င်းတို့ကွပ်မျက်ခဲ့သည့် အကျဉ်းသားများ၏ ရပိုင်ခွင့်များကို ချိုးဖောက်ရုံသာမက ကွပ်မျက်ပြီးနောက်ပိုင်း မိသားစုဝင်များ၏ ရပိုင်ခွင့်ကိုပါ ချိုးဖောက်ခဲ့ခြင်းဖြစ် ကြောင်း ဒေါ်နီလာသိန်းက ထုတ်ပြန်သည်။
ထို့အပြင် ကွပ်မျက်အပြီး ကွပ်မျက်ခံရသည့် ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့၏ နေအိမ်များကို စစ်တပ်လက်အောက်ခံ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ဘာသာရေးအစွန်းရောက်များက ကျောက်ခဲ များ၊ ကြက်ဥများနှင့် ပစ်ကာ ဆဲဆိုအော်ဟစ်ခဲ့ကြသည်။ စစ်တပ်သည် အာဏာသိမ်းမှုမတိုင်မီ ကတည်းက အဆိုပါ အုပ်စုအဖွဲ့များကို အကြမ်းဖက်မှုလှုံ့ဆော်ရေးအတွက် ဖွဲ့စည်းထားခြင်းဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းချိန်မှစ၍ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၅ ဦးရှိပြီး မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ ၄၂ ဦးရှိသည်။
ယင်းသို့သော လူမဆန်စွာ ဥပဒေမဲ့သတ်ဖြတ်ခြင်းများကို ရပ်တန့်ရန် နိုင်ငံတကာအသိုင်းအဝန်း သည် စစ်အုပ်စုကို ဖြစ်နိုင်သမျှဘက်ပေါင်းစုံမှ ဖိအားပေးရန် အချိန်ကျရောက်ပြီဟု ဦးဂျင်မီ၏ ဇနီးဖြစ်သူ ဒေါ်နီလာသိန်းက တိုက်တွန်းထားသည်။
