ဂန့်ဂေါမြို့နယ်၊ မင်းရွာမြစ်အနောက်ဘက်ခြမ်းတွင် ထိတွေ့မှုဖြစ်ပွားနေ၍ မင်းရွာ- ဂန့်ဂေါလမ်းပိုင်းအား လုံးဝအသုံးမပြုရန် PDF GAN GAW-တောင်ပိုင်းက သတိပေးထုတ်ပြန်သည်။
ယနေ့(သြဂုတ်၂၁ ရက်) နံနက် ၉ နာရီခန့်ကစ၍ မင်းရွာရဲစခန်းမှတဆင့် မင်းရွာ တံတားအတိုင်း မြစ်အနောက်ဘက်ခြမ်းသို့ ထွက်လာသည့် အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) မှ တိုက်ခိုက်နေသည်ဟု ဆိုသည်။
“စခများက တောသွားတောလာ လယ်သမားတွေပါ လိုက်ပစ်ခတ်နေပါသည်။ကျေးဇူး ပြု၍ မိဘပြည်သူ ညီအကိုများ စစ်ခွေးလာရာ လမ်းကြောင်းက်ု နီးစပ်ရာ PDF များကိုမေးမြန်း၍ ရှောင်ပေးကြပါ”ဟု PDF GANGAW တောင်ပိုင်းက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်များ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် မင်းရွာရဲစခန်းကို အင်အားဖြည့်တင်းရန် ဂန့်ဂေါမြို့နယ်အခြေ စိုက် ခလရ(၅၀)တပ်သည် သြဂုတ် ၁၆ ရက်ကစ၍ ဂန့်ဂေါမြို့ပေါ်မှ ထွက်လာခဲ့ပြီး သြဂုတ် ၁၉ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
လက်ရှိ ယောဒေသ(ဂန့်ဂေါ၊ထီးလင်း၊ဆော၊ကျောက်ထု၊ကျော၊လောင်းရှည်)မြို့နယ်တို့တွင် စစ်ရေးတင်းမာနေပြီး အထူးသဖြင့် ဂန့်ဂေါမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်နေသည်။
သြဂုတ် ၁၈ ရက်ကလည်း ဂန့်ဂေါနယ် အိမ်သစ်ရွာအနီးတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးကာ လက်နက်ဖြင့်ထွက်ပြေးလာသော ရဲတစ်ဦးကို PDF တို့ ဖမ်းဆီးရမိခဲ့သည်။
