ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ဦးစီး၍ ဖလမ်းမြို့နယ်တွင် ကုတင် ၅၀ ဆံ့ဆေးရုံကို ယနေ့(ဩဂုတ် ၂၀ ရက်)က ဖွင့်လှစ်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ယခုဖွင့်လှစ်သည့် ဆေးရုံသည် ၂၀၂၁ကတည်းမှ ဆေးကုသမှုပေးနေသည့်နေရာဖြစ်ပြီး ၂၀၂၁ အောက်တိုဘာလတွင် ဆေးရုံအဖြစ်တိုးချဲ့ဖွင့်ခဲ့ခြင်းသည်ဟုဖော်ပြထားသည်။
Suangdawn(ဆောင်ဒွန်း)ဟူအမည်ရှိ ထိုဆေးရုံကို ယနေ့ နံနက် ၁၀ နာရီခန့်က ဖလမ်းမြို့နယ်တွင် ချင်းဒေသကာကွယ်ရေးတပ်-CDF ၊ချင်းအမျိုးသားအဖွဲ့ချုပ်CNO စသည်တို့မှတာဝန်ရှိသူတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ထိုဆေးရုံတွင် ယမန့်နှစ်အောက်တိုဘာလကတည်းက PDF(ကလေး)မှ ဆရာဝန်များနှင့်ပူးတွဲ၍ ဒဏ်ရာရရဲဘော်များကို ခွဲစိတ်ကုသပေးခြင်း၊ ကလေးမီးဖွားပေးခြင်းနှင့်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။
တော်လှန်ရေးအောင်မြင်မှု၏အသီးအပွင့်တစ်ခုဖြစ်ပြီးစစ်ကောင်စီကြောင့် ပျက်စီးနေသည့်ပြည်သူများအတွက်အခြေခံကျန်းမာရေးကို အစားထိုးတာဝန်ယူခြင်းဟု ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)က ဆောင်ဒွန်းဆေးရုံဖွင့်ပွဲသို့ပေးပို့သော သဝဏ်လွှာတွင်ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနကလည်း အဆိုပါဆေးရုံသည် စစ်ကောင်စီကြောင့် ဆုတ်ယုတ်ယိုယွင်းလျက်ရှိသော ပြည်သူ့ကျန်းမာရေးစောက်ရှောက်မှုလုပ်ငန်းကို ပြန်လည်ထူထောင်ရာတွင် တစ်တပ်တစ်အားဖြစ်စေသည်ဟု သဝဏ်လွှာပေးပို့ခဲ့သည်။
ဖွင့်ပွဲသို့ CDFစစ်ဦးစီးချုပ် ဆလိုင်းပီတာထန်း ဦးဆောင်၍ ချင်းအမျိုးသားအလံအလေးပြုခြင်း၊ ကျဆုံးအာဇာနည်ရဲဘော်များအား အလေးပြုခြင်း၊ ချင်းအမျိုးသားသီချင်းသီဆိုကာ ဒေသခံဆရာတော်မှ ဆုတောင်းခြင်းဖြင့် အခမ်းအနားစတင်ခဲ့သည်။
ထိုအတူ CNO အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလျံချင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထိုအတူPDF(ကလေး) စစ်ဦးစီးချုပ်ကလည်း အမှာစကားပြောကြားခဲ့သည်ဟု CNOက ထုတ်ပြန်ထားသည်။
