●လူ့အခွင့်အရေးချိုးဖောက်မှုများကိုမှတ်တမ်းတင်ထားပြီး NUGသို့လွှဲပြောင်းပေး
စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ကိုင်းခရိုင် တပ်ရင်း (၃)၏လှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီတပ်မှ တပ်သား ၄ ဦးကို အရှင်ဖမ်းမိထားကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ၎င်းတို့စစ်ကြောင်းမှနေ၍ စစ်ကိုင်းခရိုင်ရင်း(၃)က ဒေသခံ ပကဖများနှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းခရိုင်PDFတပ်ရင်း (၃)ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“လေးဦး ဖမ်းဆီးရမိပါတယ်ဗျ။ အကုန်တပ်သားအဆင့်ပါ။ NUG ရဲ့တာဝန်ရှိသူတွေဆီကို လွဲအပ်လိုက်ပါတယ်”ဟု စစ်ကိုင်းခရိုင် တပ်ရင်း (၃)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
အထက်ပါဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားလေးဦးမှာ စစ်ကိုင်းခရိုင် PDF တပ်ရင်း (၃)၏လှုပ်ရှားနယ်မြေအတွင်း ဖြစ်ပွားသော တိုက်ပွဲသို့ စစ်ကူလာသည့်စစ်ကြောင်းမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
“ရှေ့ကင်းအနေနဲ့ထွက်လာတဲ့ အရပ်ဝတ်နဲ့စစ်ကောင်စီတပ်သားတွေကိုဖမ်းမိတာပါ။ လုံခြုံရေးအရမကြာခင်ထုတ်ပြန်ပါမယ်ဗျ။”ဟု ဟုစစ်ကိုင်းခရိုင်PDF တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အသေးစိတ်အချက်အလက်များကို နယ်မြေလုံခြုံ ရေးအခြေအနေရ ဖော်ပြနိုင်ခြင်းမရှိသေးကြောင်းလည်း စစ်ကိုင်းခရိုင် PDF တပ်ရင်း (၃)ကအသိပေးထားသည်။
ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်သားများအား ဘေးကင်းရာသို့ပို့ဆောင်ခဲ့ပြီး ၎င်းတို့ကျူးလွန်ခဲ့သော လူအခွင့်အရေးချိုးဖောက်မှုများအား မှတ်တမ်းတင် ထိန်းသိမ်းထားနိုင်ခဲ့ပြီဖြစ်ကြောင်းလည်းဖော်ပြထားသည်။
အထက်ပါ စစ်ကိုင်းခရိုင် PDF တပ်ရင်း (၃)၏ လှုပ် ရှားနေမြေဖြစ်သော စစ်ကိုင်းတိုင်းတစ်နေရာတွင် သြဂုတ် ၁၅ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်ရင်း (၃)၏တပ်ခွဲမှူးတာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးနှင့် တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့သည်။
