ကျောက်ဖြူအထူးစီးပွားရေဇုန် ၊ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးအတွက် တရုတ်အစိုးရပိုင်ကုမ္ပဏီဖြစ်သော CITICက ကျောက်ဖြူမြို့တွင် လူထုတွေ့ဆုံပွဲပြုလုပ်မည်ဟု ထုတ်ပြန်ထားသည်။
တရုတ်ကုမ္ပဏီ CITICက ဆောက်လုပ်ခွင့်ရထားသည့် ထိုစီမံကိန်းနှင့်ပတ်သတ်ပြီး သဘာဝပတ်ဝန်းကျင်အပေါ် အကျိူးသက်ရောက်မှုလေ့လာဆန်းစစ်မှုပြုလုပ်ရန် လူထုနှင့်တွေ့ဆုံခြင်းဖြစ်သည်ဟု တရုတ်ကုမ္ပဏီဘက်ကဆိုသည်။

ထိုတွေ့ဆုံပွဲကိုစစ်ကောင်စီကခန့်အပ်ထားသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ တရုတ်အစိုးရပိုင် CITICကုမ္ပဏီ၊ စီမံကိန်းစီမံခန့်ခွဲမှုအကြံပေး Hatchနှင့် Myanmar Survey Reserch (MSR)တို့က လူထုနှင့်ကျောက်ဖြူမြို့နှင့် မဒေးကျွန်းတို့တွင် ဩဂုတ် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် တွေ့ဆုံမည်ဟုကြေညာထားသည်။
CITIC Consortium Myanmar Post Investment နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီတို့သည် ၂၀၂၀တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းကုမ္ပဏီကိုထူထောင်ခဲ့သည်ဟု တရုတ်ကုမ္ပဏီက ထုတ်ပြန်ထားသည်။ ထိုကုမ္ပဏီသည် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ပုံဖော်ခြင်း၊ ဒီဇိုင်းဆွဲခြင်းနှင့်ဆောက်လုပ်ခြင်းတို့ကို လုပ်ကိုင်ခွင့်ရထားသည်ဟုလည်း ဆိုသည်။
ထိုစီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်လေ့လာဆန်းစစ်ခြင်းကို MSRကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထိုMSRကုမ္ပဏီက သဘာဝပတ်ဝန်းကျင်လေ့လာဆန်းစစ်ခြင်းလုပ်ငန်းများကို ပြည်သူလူထုသိရှိရန်နှင့် အစိုးရဌာနများ၊နိုင်ငံတကာအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့်ပြည်သူလူထုသဘောထားများကို တိုင်ပင်ဆွေးနွေးသွားမည်ဟု တရုတ်ကုမ္ပဏီကဆိုသည်။ သို့သော် MSR ကုမ္ပဏီမှာလည်း သဘာဝပါတ်ဝန်းကျင်လေ့လာဆန်းစစ်မှုလုပ်ငန်းကို အဖြစ်သာလုပ်၍
တရုတ်ကုမ္ပဏီအကြိုက် စီမံကိန်းစတင်နိုင်ရန် ထောက်ခံပေးမည်သာဖြစ်ကြောင်း အဆိုပါဘုပ်ငန်းအကြောင်းသိသူအချို့က People’s Spring သို့ပြောသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို ၂၀၁၅ ဦးသိန်းစိန်အစိုးရလက်ထက်တွင် တရုတ်အစိုးရကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ရင်းနှီးမြှပ်နှံမှုတန်ဖိုးဒေါ်လာ ၇ ဘီလီယံရှိသောထိုစီမံကိန်းတွင် တရုတ်ကုမ္ပဏီက ရှယ်ယာ ၈၅ ရာခိုင်နှုန်းနှင့် မြန်မာဘက်က ရှယ်ယာ ၁၅ ရာခိုင်နှုန်းပိုင်ဆိုင်မည်ဟု ဦးသိန်းစိန်အစိုးရကသဘောတူခဲ့ခြင်းဖြစ်သည်။
အရပ်သားအစိုးရလက်ထက်တွင် ထိုစီမံကိန်းသည် ဒေါ်လာ ၇ဘီလီယံသတ်မှတ်ခဲ့၍ တရုတ်အကြွေးထောင်ချောက်မိနိုင်သည်ဟုသုံးသပ်ကာ စီမံကိန်းပထမအဆင့်ကို ဒေါ်လာ၁ ဒသမ ၃ ဘီလီယံအထိ လျော့ချစတင်ရန်ပြင်ဆင်ခဲ့သလို၊တရုတ်ကုမ္ပဏီကို ရှယ်ယာ ၇၀ ရာခိုင်နှုန်းနှင့် မြန်မာအစိုးရဘက်မှ ရှယ်ယာ ၃၀ ရာခိုင်နှုန်းပြန်လည်ပြင်ဆင်နိုင်ခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အာဏာသိမ်းစစ်ကောင်စီနှင့်လက်တွဲ၍ ရင်းနှီးမြှပ်နှံမှုစီမံကိန်းများပြုလုပ်ပါက တရားမဝင်ဘဲ အသိ့အမှတိမပြုကြောင်းကြေညာထားသည်။
