ရန်ကုန်တိုင်း သုံးခွမြို့သား ရဲဘော်နေကြီးသည် စစ်အာဏာရှင်တော်လှန်ရေးအတွက် တိုက်ပွဲဝင်ရင်း ကရင်ပြည်နယ်တိုက်ပွဲတစ်ခုတွင် သြဂုတ် ၁၈ရက်က ကျဆုံးသွားခဲ့သည်။
သုံးခွမြို့သား ရဲဘော်နေကြီး(ခ)နေထက်အောင် သည် ကျားသစ်နက်စစ်ကြောင်း၊ တပ်ခွဲ(၅)၏ ဒုတပ်ခွဲမှုး တာဝန်ဖြင့် KNU တပ်မဟာ(၆) နယ်မြေအတွင်း စစ်ကောင်စီကို တိုက်ခိုက်စဥ် ကျဆုံးခဲ့ရကြောင်း တော်လှန်ရေးအင်အားစုများက ထုတ်ပြန်သည်။
“အာဇာနည်ရဲဘော် နေထက်အောင် ငြိမ်းချမ်းစွာအနားယူပါ။ဤတော်လှန်ရေးပြီးပြတ်သည်အထိ ကျွန်ုပ်တို့ ဆက်လက်ထမ်းရွက်သွားမည်ဖြစ် ကြောင်း ရဲဘော်အားအမှုးထား၍ ကတိအဓိဌာန်ပြုလိုက်သည်”ဟု သုံးခွမြို့ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တစ်ခုဖြစ်သော Thongwa Youth Force(T.Y.F)က ယနေ့(သြဂုတ် ၂၀)ထုတ်ပြန်သည်။
“ကိုနေထက်အောင်က စိတ်ဓာတ်ခိုင်တယ်။အာဏာရှင်တော်လှန်ရေးကို နည်းမျိုးစုံလုပ်ခဲ့တယ်။ အခုကျဆုံးတာ တော်တော်ကို ဝမ်းနည်းတယ်”ဟု သုံးခွမြို့ခံတစ်ဦးက ပြောသည်။
ကိုနေထက်အောင် ကျဆုံးခဲ့ရခြင်းအတွက် စစ်ကောင်စီအား သေချာပေါက်လက်တုန့်ပြန်မည်ဟု Thongwa Youth Force(T.Y.F)က ထုတ်ပြန်ထားသည်။
